Chapter 28

28.1K 3.9K 98
                                    

Unicode

ခင်ဗျားက ပိုက်ဆံရှာ ကျွန်တော်ကအလှလေးလုပ်မယ်
__________________________________

လူရွေးပွဲတွင် အခြားဇာတ်ကောင်နေရာမှာ  သရုပ်ဆောင်မည့် သူများမရှိတာကြောင့် လက်ထောက်ဒါရိုက်တာကသာ လာ​ဖြေသူတွေအတွက် တွဲဖက်အဖြစ် ဒိုင်ယာလော့ဂ်များ ပြောပေးရသည်။ သူက ယန်းချင်းချီရှေ့ရပ်နေကာ သူ့အဖေနဲ့ နောက်ဆုံးတွေ့တာ ဘယ်အချိန်လဲဟု မေးလာသည်။ သူ့အဖေ မသေခင် ထူးဆန်းနေပုံတွေရှိလားနှင့် သူ့အဖေရဲ့ နေ့စဥ်ဘဝတွင် အခြားသူများနဲ့ ရန်ငြိုးရန်စများရှိလားဟု မေးလာခဲ့သည်။ ယန်းချင်းချီကလည်း မေးသမျှကို မညည်းမညူ ပြန်ဖြေပေးလာသည်။ ထပ်ပြီး သူ့အမူအရာအား တချက်ကြည့်လိုက်ရုံနဲ့ကို သူဘယ်လောက် ပူဆွေးသောကရောက်နေမှန်း တပ်အပ်ပြောနိုင်သည်။ ရဲက သူ့ကိုနှစ်သိမ့်လိုက်ကာ အခြားလူတွေကို စုံစမ်းစစ်ဆေးဖို့ သွားမဲ့အချိန်မှာပဲ ယန်းချင်းချီကမေးလိုက်သည်။

''ကျွန်တော် ခင်ဗျားနဲ့လိုက်လို့ရမလား ''
ထိုအမေးက ဇာတ်ညွှန်းထဲတွင်မပါပေ။ လက်ထောက်ဒါရိုက်တာလည်း ခဏလောက်ကြောင်အသွားကာ အလျင်အမြန်ပြန်ဖြေလာသည်။

''အခုအချိန်မှာတော့ ခင်ဗျားပြန်သွားလိုက်တာက အကောင်းဆုံးပါပဲ ကျွန်တော်တို့ တခြား သဲလွန်စတွေရခဲ့ရင် ခင်ဗျားဆီလာခဲ့ပါ့မယ် ''

''အဲ့ဒါဆိုလည်း ကောင်းပါပြီ ကြိုးစားလိုက်ပါဦး ''

ယန်းချင်းချီထိုသို့ပြောကာ ထွက်သွားလိုက်သည်။

ယန်းချင်းချီရှေ့ကိုဆက်လျှောက်သွားလိုက်ကာ အခုစကားဝိုင်းက သူ့ကိုဝမ်းနည်းစရာတွေ သတိရသွားစေသလိုမျိုး သက်ပြင်းဖွဖွချလိုက်သည်။ အိမ်ရှေ့ရောက်တော့ ထိုဝမ်းနည်းသည့်အမူအရာများ ပျောက်ဆုံးသွားကာ အိမ်ထဲသို့ မျက်နှာထားတည်တည်ဖြင့် ဝင်သွားတော့သည်။

သူအခန်းရဲ့ ဘယ်ဘက်ထောင့်ကိုလျှောက်သွားလိုက်ကာ လက်ကိုမြှောက်ပြီး လေဟာနယ်ထဲတွင် တံခါးကိုဆွဲဖွင့်လိုက်သည့် အမူအရာလုပ်လိုက်သည်။ သူ့အိမ်ထဲသူ ဝင်သွားသလိုမျိုး သရုပ်ဆောင်လိုက်ကာ တံခါးကိုပြန်ပိတ်လိုက်ပြီး လက်ကို တစ်နေရာသို့ ဆန့်တန်းလိုက်သည်။ သူ့လက်က ဘာမှရှိမနေသည့် အဝိုင်းသဏ္ဍာန်တစ်စုံတစ်ခုကို ကောက်ကိုင်လိုက်ပြီး အဖုံးကိုဖွင့်ကာ မော့သောက်ဟန်ပြုလိုက်သည်။ ထို့နောက်သူက ထိုအဖုံးကိုသေချာပြန်ပိတ်လိုက်ပြီး ခေါင်းကိုငုံ့ကာ ငြိမ်သက်စွာ ရပ်နေသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now