Chapter-35

14K 1.6K 138
                                    

Unicode

အချစ်အား တစ်ဖန်ကြိုးစားယူခြင်း ၁

သူ ဘယ်လောက်ထိ ရင်ခုန်စိတ်လှုပ်ရှားနေသလဲဆို ကားစီရီယာတိုင်ကိုဆုပ်ကိုင်ထားသည့် လက်ဖဝါးတွေချွေးပျံလာတိုင်း ဝတ်ထား‌သော စတိုင်ဘောင်းဘီပေါ် ဖိသုတ်နေမိတာ အခေါက်ခေါက်အခါခါ ရှိနေပြီ။ပေါင်မှာ အကွက်လိုက်စွန်းထင်းနေသည့် ချွေးကွက်တွေက သူ့ရဲ့စိုးထိတ်မှုနှင့် ရတက်မအေးဖြစ်မှာတို့၏ ပြယုဒ်တွေအလား။

မျက်စိရှေ့မှာမြင်နေရသည့် စစ်ကိုင်းလမ်းနှာပေါက် ခေါ် စစ်ကိုင်းတံတားအဝင်ဝကို ငေးရင်း သျှမ်းတံတွေးမြိုချလိုက်မိသည်။ သူတစ်ခါမှ ဒီလောက်ထိအောင် စိတ်မလှုပ်ရှားဖူးပေ။ သူ့ဘဝမှာ ရင်တုန်စရာကောင်းတဲ့ ကိစ္စတွေ များများစားစားမကြုံခဲ့ဖူးတာလဲ ပါပါလိမ့်မည်။သွားခဲ့ဖူးသော ခရီးလမ်း‌တွေလောက် ခခက်ခဲ မကြမ်းတမ်းသည့်တိုင် ပေအနည်းငယ်သာရှည်သည့် လှိုဏ်ခေါင်းအတွင်းဖြတ်နေစဉ် ကာလတစ်လျှောက်လုံး
စာမေးပွဲရလာဒ်စောင့်‌နေရသည့် ကျောင်းသားတစ်ယောက်လို ရတက်မအေးဖြစ်နေမိခဲ့၏။

ဖြစ်နိုင်ရင် ဒီနေရာကနေထွက်ပြေးလိုက်ချင်သည်။တစ်ဖက်မှာလည်း မြန်မြန်ရင်ဆိုင်လိုက်ပြီး ဒီအခြေအနေကို ကျော်လွှားပစ်ချင်သည့်စိတ်ကလည်း အပြိုင်ဆိုင်ပင်။ 'ရတနာပုံ တံတား' ဆိုသည့် ဆိုင်းဘုတ်ကြီးကိုကျော်လာချိန်မှာတော့ သူ့ရင်တစ်ခုလုံး တဒိတ်ဒိတ်ခုန်လျက်။ဘာတွေဖြစ်လာလာ ဒီတံတားဆုံးသည်အထိတော့ သူနောက်ပြန်လှည့်လို့မရတော့ချေ။ ဖြတ်ကူးနေသော ဧရာဝတီမြစ်ကြီးဆီ ငေးချိန်မရအောင် အတွေးတွေက ခေါင်းထဲမှာ ပြည့်နှက်လာ၏။ စာရိုက်နေသလိုမျိုး တဒက်ဒက်မြည်နေတာကိုပင် သူခံစားလို့ရနေသည်။

တစ်ဖက်ကမ်းမှာ ဆွမ်းဦးပုညရှင်စေတီအပါအဝင် လက်ညှိုးထိုးမလွဲနိုင်အောင် သာသနာထွန်းကားပါသည့် စစ်ကိုင်းတောင်ရိုး၊ နောက်တစ်ဖက်ကမ်းတွင် ကျန်ခဲ့သည့် မြစ်ကမ်းနှဖူးမှ ရွှေကြက်ကျဘုရား။ ဘာတစ်ခုကိုမှ သေချာအာရုံမရနိုင်ပါ။ သျှမ်းကပဲ အလောကြီးလွန်းသည်လား မသိ။မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ပေးထားသည့်တံတားကြီးက ဒီနေ့မှပိုရှည်လျားနေပါသလို။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now