Part 36

4K 445 17
                                    

ပျိုးပင်လေးတွေက လေအ‌ဝှေ့တွင် တအိအိ။သိမ်မွေ့သည့်နေရောင်ခြည်လေးတွေက စိမ်းနုရောင်ပျိုးခင်းပေါ်တွင် သက်ဆင်းနေလျက် ဝါရွှေသောအရောင်ကို ပေးစွမ်းနေသည်။ပျိုးခင်းရဲ့လှိုင်းတွန့်လေးတွေက လေညှင်းလေးရဲ့စည်းချက်အတိုင်း လှုပ်ရှားနေလေသည်။

နေကား မမြင့်သေး။လေတစ်ချက်အဝှေ့တွင် ပျိုးပင်ရနံ့‌လေးက ဖျော့တော့စွာသင်းပျံ့ပျံ့။နန်းစောရှင်နှင့်ဗညားသတိုးတို့ နှစ်ယောက်လုံးချွေးတလုံးလုံး။တစ်မိုက်ခန့်ရေထဲတွင် နှစ်ယောက်သားရပ်ကာ ခါးရှေ့ကိုင်းလို့ ခန္ဓာကိုယ်ကိုကုန်းရင်း ပျိုးနုတ်နေကြသည်။ပျိုးပင်လေးတွေက နန်းစောရှင်နှင့်ဗညားသတိုးလက်ထဲတွင် အဆုပ်လိုက် အဆုပ်လိုက် နေရာရွှေ့ပြောင်းနေသည်။

ပျိုးပင်လေးတွေက အပင်ငယ်သော်လည်း ကြမ်းရှသည်။တစ်ပင်ပြီးတစ်ပင် နုတ်လိုက်တိုင်း ပျိုးပင်တွေက နန်းစောရှင်လက်ကို ရှသွားပြီးသွေးစက်တချို့က ရွှံ့ရည်နှင့်ရောနှောသွားသည်။

ဗညားသတိုး ညာဘက်လက်ဖြင့် ပျိုးပင်လက်တစ်ဆုပ်နုတ်ပြီး ဘယ်ခြေကိုအနည်းငယ်ကြွကာ‌ ပျိုးပင်တစ်ဆုပ်နှင့်ဘယ်ခြေသလုံးကို ရိုက်လိုက်သည်။ပျိုးပင်မှရွှံ့တွေက လေထဲကို လွှင့်စင်ထွက်သွားသည်။

ဗညားသတိုး ပျိုးစည်းပြီးတော့ နန်းစောရှင်ကိုကြည့်လိုက်သည်။နန်းစောရှင်က အသံမထွက်ဘဲ ပျိုးပင်တွေကိုသာ ဂရုတစိုက်နုတ်နေ၏။ဗညားသတိုး နန်းစောရှင်လက်ကို ဆွဲယူကြည့်လိုက်သည်။နန်းစောရှင်ရဲ့လက်ဖဝါးနှင့်လက်ဖမိုးတစ်စုံလုံးက သွေးစတချို့နှင့်ရွှံ့တချို့ ပေကျံနေသည်။

"အမောင့်အချစ်ရာ ပျိုးမနုတ်ပါနဲ့ဆိုလေတာကို"

နန်းစောရှင် ဗညားသတိုးရဲ့စိုးရိမ်မှုတွေ ထင်ဟပ်နေသည့်မျက်ဝန်းတွေကြောင့် နာကျင်မှုတွေ ပြေပျောက်သွားသည်။ဗညားသတိုးရဲ့လက်ကလည်း နန်းစောရှင် လက်နည်းတူရှရာတွေအပြည့်။နှစ်ယောက်လုံးက ယခုမှပျိုးနုတ်ဖူးသူများဖြစ်လို့ အလုပ်ကထင်သလောက်မတွင်ပေ။

"အမောင့်လက်လည်း ဘာထူးလဲ"

"သည်လောက်ဒဏ်ရာလေးမှ မခံနိုင်ရင်‌ ယောကျာ်းဘယ်ဟုတ်တော့မလဲ"

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now