Part 37

4K 458 40
                                    

စပါးခင်းကြီးက စိမ်းနုရာမှစိမ်းရင့်ရောင်၊ဝါနုသောအရောင်မှဝါရွှေသောအရောင်ကို ကူးပြောင်းလာသည်။ရာသီပန်းတို့သည်လည်း ဝါခေါင်ခတ္တာပန်းပွင့်တွေမှသည် ရာသီစုံကူးကာ ပြာသိုခွာညိုအထိ ဖူးပွင့်ခဲ့ကြသည်။ပုစွန်လုံး‌တွေသည်လည်း တွင်းပိတ်ကာ ပုန်းအောင်းနေကြလေပြီ။

ဗညားသတိုး၊နန်းစောရှင်နှင့်မြနု ရိတ်သိမ်းပြီးသည့်စပါးနှံတွေကို သုံးနေလှန်းသည်။သုံးနေလှန်းပြီးတော့ စပါးနှံတွေက ကြွပ်ဆတ်နေပေသည်။စပါးနှံတွေကို တလင်းထဲဖြန့်ကာ နွားဖြင့်နှယ်၏။ဝါးလုံးတွင်တံစဉ်တပ်ကာ ကောက်ဆွသည်။‌ပြီးနောက် မြနုကရကင်းဖြင့် ဇကာချသည်။

ဗညားသတိုးက တောင်းထဲမှစပါးတွေကို မြနုကိုင်ထားသည့်ဇကောထဲ သွန်ချကာ မြနုကစပါးပြာသည်။မအောင်သည့်အသိမ်အဖျဉ်း စပါးတွေက မြနုရဲ့ဇကောမှတဆင့် လေနှင့်အတူ လွှင့်သွားပြီး ကောင်းမွန်သည့်စပါးများကို တလင်းသိမ်းကာ ကောက်ရိုးပစ်သည်။အားလုံးပြီးစီးသွားမှ လှည်းနှင့်တိုက်၍ အမယ့်အိမ်ရှိ စပါးကျီထဲထည့်သည်။

ထိုမျှမပြီးသေး စပါးမှဆန်အဖြစ်ရောက်အောင် ဆန်ဖွတ်ရပေဦးမည်။ဗညားသတိုးနှင့်နန်းစောရှင်မှာ စပါးတွေအမယ့်စပါးကျီထဲရောက်မှ နားရပေသည်။

ဆန်ဖြစ်ရန်ကား တကယ့်ပင်မလွယ်လှ။

ဗညားသတိုး နန်းစောရှင်ကိုရင်ခွင်ထဲထည့်ကာ ဖက်ထားသည်။အေးချမ်းလှသည့်ဆောင်းညက ချစ်ရသူကိုရင်ခွင်ထဲထည့်မှ နွေးလေသည်။
ဗညားသတိုး နန်းစောရှင်ရဲ့နှဖူးလေးကို ကြင်ကြင်နာနာနမ်းသည်။နေပူပူ၊လေပူပူတွင် အလုပ်များလုပ်ထားရသောကြောင့် နန်းစောရှင်ရဲ့မျက်နှာနှင့် လက်ကလေးများက ယခင်ကလိုမနူးညံ့တော့ပေ။

ယခင်လိုဆိုတာ ဘယ်အချိန်ကိုဆိုလိုသနည်း။နန်းစောရှင်ရဲ့သိမ်မွေ့နူးညံ့မှုတွေက အတိတ်ကအင်းဝတွင် ကျန်ရစ်ခဲ့တာဖြစ်သည်။

"အမောင်"

"ဗျ"

"နက်ဖြန်ခါ မြနုတို့နဲ့ဝါဂွမ်းသွားသိမ်းမလို့"

"သွားလေ အမောင်တော့အမယ့်အိမ်မှာစပါးတွေကို ကြိတ်ထိုးလိုက်ဦးမယ် ဆန်ဖွတ်ဖို့အဆင်သင့်ဖြစ်လေအောင်လို့"

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now