Chapter-38

14.2K 1.4K 67
                                    

Unicode

အချစ်အားတစ်ဖန် ကြိုးစားယူခြင်း ၄

"ဒေါက်တာ ..ကျွန်မတို့လေ ဟိုဘက်ချောင်က ဆရာလေးတွေဆီပါ သွားလိုက်ချင်လို့။ အပေါ်ဘက်အခြမ်းက ဘုန်းကြီးကျောင်းကို ဒေါက်တာတို့ချည်းသွားလိုက်လို့ရမလား။ အဲ့ဒီမှာ သံဃာအပါးရေသိပ်မရှိလို့ ဒေါက်တာ   တစ်ယောက်လောက်အကူပါရင် နိုင်မှာပါ"

"ဟုတ် ကျွန်တော်သွားပေးလို့ ရပါတယ်။ ဒါနဲ့ ကျွန်တော်နဲ့လိုက်ပေးမဲ့သူက.."

"ကျွန်တော်!! ကျွန်တော် ချစ် ..အဲ ဒေါက်တာချစ်နိုင်းအောင်နဲ့ လိုက်သွားပါ့မယ်"

တက်ကြွသော ကြားဖြတ်စကားကြောင့် သူနာပြုဆရာမလေးအပြင် တောင်ပတ်လမ်းတစ်လျှောက် လမ်းလျှောက်ဆင်းလာကြတဲ့ ဆရာဝန်၊သူနာပြု တစ်ချို့ပါ လှမ်းကြည့်လာကြသည်။ အနားချင်းကပ်ရှိနေပါလျက် အားကြီးနှင့်ပြောပုံက နှလုံးသာနုလျှင် လိပ်ပြာလန့်ကိန်းပင်။ သူမတို့အသင်းဖွဲ့ထဲ ဝင်ထားခြင်းမရှိသော်လည်း ‌ဒီဆရာဝန်ကို အဖွဲ့နားမှာရစ်သီရစ်သီနှင့် အမြဲမြင်နေရတာရိုးရာတစ်ခုနှယ် ။ အခုလည်း ဒေါက်တာ ချစ်နိုင်းအောင်နောက်လိုက်ဖို့ကို မှိုတွေ့သလိုမျက်နှာထားနှင့် ပျော်မြူးနေတော့၏။

"အို့..ဆရာသျှမ်းက လိုက်လို့ရရဲ့လား အားနာစရာ"

"အားနာစရာမရှိပါဘူး။ ဒီလို အလုပ်တွေ ကျွန်တော်က ကျွမ်းပြီးသားပါ။ ပေးပေး အဲ့ဒီ ဆေးအိတ်တွေကို ကျွန်တော်သယ်သွားလိုက်မယ်"

"အယ်..ရပါတယ်နော်"

"စိတ်မပူပါနဲ့ ပေးပါ.. ကျွန်တော်ကူလိုက်ပါ့မယ်။ ဟောဟိုက လှေကားအတိုင်းတက်ရမှာမို့လား။ လာ ချစ်နိုင်း ကိုကိုတို့သွားရအောင်"

ဆေးအိတ်တင်မက သူမတို့ဒေါက်တာကိုပါ ပိုင်စိုးပိုင်နင်းခေါ်သွားသည့် ဆရာသျှမ်း။ အရပ်ရှည်ပြီး ချောလှပါတယ်ဆိုသော ဒေါက်တာချစ်နိုင်းအောင်ခင်မျာ သူ့ထက်ပိုတောင့်တင်းသူလက်ထဲမှာတော့ ကြောင်ပေါက်လေးတစ်ကောင်အလား။ မကျေမလည်ရုပ်ကလေးဖြင့် တွန့်ဆုတ်တွန့်ဆုတ် ပါသွားရရှာသည်။ ရုပ်ချောချော ယောက်ျားနှစ်ယောက် လမ်းမထက်မှာ ရုန်းလားဆွဲလားနှင့် ကြည့်ရတာမျက်စိနောက်စရာဖြစ်သော်လည်း သူမစိတ်ထဲမှာတော့ ထူးခြားသည့်အငွေ့အသက်တွေကို မြင်နေရပါသလို။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now