Unicode - 36

8.9K 815 125
                                    

နွေဦးဟာ အလွမ်းတွေကို လာပါ လာပါ ဖိတ်ခေါ်နေသလို။

မသိလိုက်ခင်မှာဘဲ ကုန်ဆုံးသွားခဲ့သော နှစ် နှစ်ကျော်ကျော် အချိန်များက သိပ်ကို မြန်ဆန်လွန်းသည်။ မန္တလေး လေဆိပ်မှာ နောက်ဆုံး တွေ့ခဲ့ရသော ချစ်ရသူဟာ ယခုအခါ ကျိုတို တက္ကသိုလ်၌ လူအများ လေးစား အားကျရသည့် ဂုဏ်ထူးဆောင် ကျောင်းသား တစ်ယောက် ဖြစ်လို့ နေလေပြီ။ သိပ်ကို ဝမ်းသာစရာ ကောင်းလှ၏။

နေသူရိန်မင်းခန့် ဂျပန်ကို ထွက်သွားပြီးကတည်းက ဝေယံနှင့် လူချင်း ဝေးခဲ့ရပေမယ့် စိတ်ချင်းကတော့ သိပ်ကို နီးခဲ့ကြသည် ဟု ပြောရမည်။ ဒီကာလထဲ အဆက်အသွယ် လုံးဝ မပြတ်ခဲ့တာကြောင့်လည်း ပါမည်။ ထို့အပြင် လူမှုကွန်ရက်များကြောင့် နေသူရိန်မင်းခန့်၏ သတင်းကို ဝေယံ အဆက်မပြတ် သိနေရသည်။
    
တစ်နေ့တာ ဖြစ်ရပ်များကို နေ့စဉ် မှတ်တမ်း ရေးသည့် ဒိုင်ယာရီသဖွယ် အသုံးပြုရင်း ပုံနှင့်တကွ အီးမေးလ် ပို့တတ်သော နေသူရိန်မင်းခန့်ကြောင့် ဂျပန်မှာ ဖြစ်ပျက်သမျှ ဖြစ်ရပ် အလုံးစုံကိုပါ ဝေယံ သိနေရသည်။
    
ဒီနေ့ ရာသီဥတု အရမ်း သာယာတာပဲ

ခြံထဲမှာ ဆာကူရာ ပန်းတွေ ပွင့်နေပြီ၊ သိလား ယံ
    
သူငယ်ချင်း အသစ်တွေ ရတယ်၊ သူတို့က ဘယ်သူတွေ

မနေ့က မာယာနဲ့ ရန်ဖြစ်ခဲ့တယ်၊
အစ်မက အရမ်း အပေါက်ဆိုးတာပဲ

ယံ့ကို သတိရတယ်၊
မြန်မာပြည်ကို ပြန်လာရမလား

မနေ့ညက ကျွန်တော် ဘာလုပ်ခဲ့လဲ သိလား၊
ကြယ်တွေကို မော့ကြည့်ခဲ့တယ်၊
    
ပြီးတော့ ကြယ် တစ်လုံးချင်းစီနဲ့
ယံ့ကို ကျွန်တော် ချစ်ရတဲ့ အကြောင်းတွေ
တစ်ခုချင်းစီ ယှဉ်ပြီး ပြောပြခဲ့တယ်၊
    
တကယ်တော့ ယံနဲ့ ကြယ်တွေ အကြောင်း ပြောချင်တာ၊
အခုတော့ ကြယ်တွေနဲ့ပဲ ယံ့ အကြောင်း ပြောနေမိတယ်
    
စသော နေ့စဉ် မှတ်တမ်းများ ဖြစ်သည်။ နေသူရိန်မင်းခန့်က သူတို့ နှစ်ဦးကြားမှာ လျှို့ဝှက်ချက် မထား။ အကုန် ဖွင့်ဟတတ်သည်။ နေသူရိန်မင်းခန့်နှင့် ဖုန်း ပြောဖြစ်သည့် အချိန်တွေဆို သူ ကြုံရသမျှ ပင်ပန်းမှုတွေ၊ အခက်အခဲတွေကို ရင်ဖွင့်တတ်သည်။
    
ထိုအချိန်မျိုးဆို ဝေယံ့ဘက်က တတ်နိုင်သမျှ စိတ်ရှည်စွာ နားထောင်ပေးသည်။ အားပေးကာ နှစ်သိမ့်သည်။ ဂီတာ တီး၍ ချော့သိပ်သည်။ တစ်ခါတလေ တစ်ဖက်နှင့် တစ်ဖက် ဖုန်း ဖွင့်ရင်း ရုပ်ရှင် အတူ ကြည့်သည်။ ရံဖန်ရံခါ စိတ်ထဲ ရှိသမျှ မရယ်ရသည့် ဟာသတွေ ပြောလျက် စိတ်ပြေပျောက်သည်အထိ တတ်သလောက်၊ သိသလောက် နောက်ပြောင် ကျီစားမိသည်။ ဒီလို နည်းနှင့်ပဲ နေသူရိန်မင်းခန့် အလွမ်းပြေအောင် ဝေယံ လုပ်ပေးမိသည်။

SUN { Season 1 }Where stories live. Discover now