အင်းတော်ကြီးသမိုင်း ၁

3K 262 6
                                    

အင်းတော်ကြီးသမိုင်း (အပိုင်း ၁)

ရေနဂါးတို့ ပျော်စံရာတိုင်းပြည် ဘောဂဝတီက ဧရာပတ္တနဂါးသားအဖသုံးဦးဟာ တိုင်းပြည်သစ်ထူထောင်ဖို့ စစ်သည်ဗိုလ်ပါတွေခြံရံပြီး ထွက်လာခဲ့ကြတယ်။ ပင်လယ်ထဲစီးဝင်တဲ့ မြစ်ဝကနေ ဆန်တက်လာချိန်မှာ တိုင်းပြည်ထူထောင်ဖို့သင့်တော်တဲ့ မြေကောင်း၊ နေရာကောင်း မတွေ့ခဲ့ကြဘူး။ နဘားချောင်းတဝိုက်ရောက်မှ သင့်တင့်လျောက်ပတ်တဲ့နေရာကိုမြင်လို့ ဖက်ဆွတ်တောင်အရှင်ကြီးဆီမှာ ခွင့်တောင်းပြီး တိုင်းပြည်တည်ခဲ့ကြတယ်။ နဂါးမင်းတို့တန်ခိုးနဲ့ မိုးကြီးလေကြီး ရွာသွန်းစေခဲ့လို့လည်း ခဏလေးနဲ့ ကသာခရိုင်ထဲက မန်လည်အင်းကြီးဖြစ်လာခဲ့တယ်။

သားတော်နဂါးနှစ်ပါးက သူတို့လည်း ပြည်သစ်ထူထောင်ချင်ပါတယ်ဆိုပြီး ဖခင်ထံမှာ ခွင့်တောင်းထွက်လာခဲ့ကြတယ်။

ရာဇာကြီး၊ ရာဇာလေး နတ်ညီနောင်ပိုင်တဲ့ ညောင်ညိုပင်ကွင်းကြီးမှာ ပြည်သစ်ထူထောင်ဖို့ ခွင့်ရတော့ အစ်ကိုနဂါးတော်က မိုးတွေ၊ လေတွေတိုက်ခတ်ရွာသွန်းစေပြီး အင်းဖြစ်လာအောင် ပြုလုပ်ခဲ့တယ်။ ညောင်ကြပ်ပင်တွေပေါလွန်းလို့ ရှမ်းဘာသာနဲ့ ညောင်ကြပ် (ဟဲ)၊ အင်း (နောင်) ကိုပေါင်းပြီး နောင်ဟဲလို့ ခေါ်ခဲ့ရာကနေ နောင်ခွင်အင်းလို့ ဖြစ်လာခဲ့တယ်။

ဖခင်နဂါးနဲ့ နောင်တော်နဂါးမှာ ကိုယ်ပိုင်တိုင်းပြည်တွေ ရှိနေပြီးချိန်မှာတော့ ညီတော်နဂါးလည်း သူ့တိုင်းသူ့ပြည်တည်ထောင်မယ်ဆိုပြီး နေရာရှာထွက်ခဲ့တယ်။ တောင်ဖက်ခြမ်းမှာ ဆင်ခေါင်းတောင်၊ မြောက်ဖက်ခြမ်းမှာ ရွှေတောင်၊ အရှေ့ဖက်ခြမ်းမှာ လွှဲအိမ်တောင်တို့ကြားက ရွှေတောင်ကြီးဘက်ကို စီးထွက်တဲ့ စည်းခမ်းချောင်းကို မြို့လယ်ထားပြီး တည်ထားတဲ့ စည်းခမ်းမြို့ကြီးရှိရာ ရောက်ခဲ့တယ်။ ထမန်သီလို့ခေါ်တဲ့ ရှမ်းလူမျိုးတွေ နေထိုင်ရာ အိမ်ခြေကိုးသန်းရှိတဲ့ မြို့ကြီးပေါ့။

ဒီနေရာမှာ တိုင်းပြည်တည်ခွင့်ရမလားလို့ နဂါးမင်းသားက ရွှေတောင်အရှင်ကို ခွင့်တောင်းမေးမြန်းတယ်။ ရွှေတောင်အရှင်ကလည်း နတ်သဘင်အစည်းအဝေးခေါ်ပြီး လွှဲအိမ်တောင်အရှင်၊ စကဝါတောင်အရှင်ကြီးတို့နဲ့ တိုင်ပင်တယ်။ နတ်မင်းအပေါင်းက "ဒီလူသားတွေဟာ ငါတို့အခြံအရံ ကျေးကျွန်တွေဖြစ်တဲ့ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ် တွေကို အမြဲပစ်ခတ် သတ်ဖြတ်စားသောက်ကြပြီး အလွန်ဆိုးဝါးတယ်၊ တရားလည်း မကပ်ကြဘူး၊ အာရုံငါးပါး ကာမဂုဏ်မှာသာ မွေ့လျော်ပျော်ပါးပြီး နေ့ရက်တွေကို ကုန်စေတယ်၊ သူတို့မြို့ကို အင်းဖွဲ့မယ်ဆိုရင် ငါတို့သဘောတူတယ်".. ဆိုပြီး ခွင့်ပြုခဲ့တယ်။

ခွင့်ပြုချက်ရပေမယ့် နဂါးမင်းသားဟာ လူသားတွေအပေါ်မေတ္တာထားပြီး ညဥ့်အခါမှာ နတ်မြင်းပျံနဲ့ ကောင်းကင်ယံမှာ မြို့ပေါ်ဖြတ်သန်းသွားရင်း ရှေ့ခုနစ်ရက်ဆိုရင် ဒီနေရာမှာ ရေပြင်အတိ အင်းကြီးဖြစ်လိမ့်မယ်ဆိုတဲ့အကြောင်း၊ ခုနစ်ရက်မတိုင်မီ အဝေးကိုထွက်သွားဖို့နဲ့၊ မသွားခဲ့ရင် အရာအားလုံးရေအောက်ရောက်ပြီး သေကျေပျက်ဆီးနိုင်ကြောင်း တိုက်တွန်း ကြွေးကြော်ခဲ့တယ်။

နဂါးမင်းရဲ့ သတိပေးစကားကို သီလရှိတဲ့ မုဆိုးမတစ်ယောက်ပဲ ကြားခဲ့တယ်။ သူက အသိပေးပေမယ့် သူ့စကားကို ဘယ်သူမှ မယုံကြဘူး။ မြို့နေလူတွေကို ဘယ်လိုမှ ပြောလို့မရတဲ့အဆုံး သူ့ ဆွေမျိုး မြေး မြစ်တွေကိုခေါ်ပြီး မြို့ကထွက်၊ တောင်ကုန်းမြင့်နေရာကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်။

ခုနစ်ရက်မြောက်နေ့မှာ မှောင်ကြီးကျပြီး မိုးတွေရွာတယ်။ အင်းကြီးဖြစ်လာတဲ့အထိ အဆက်မပြတ် မိုးတွေရွာခဲ့တယ်။ လွဲမွန်တောင်ထိပ်ကနေ ပြန်လှည့်ကြည့်ချိန်မှာ မြို့ကြီးရဲ့အစအနတောင် မတွေ့ရတော့ဘဲ ရေပြင်အင်းကြီး ဖြစ်နေခဲ့ပြီ။

တစ်ချိန်က နောင်ခွင်အင်းကြီးအရှင် နောင်တော်နဂါးက ညီတော်နဂါးမင်းသားကို "ညီမောင်က တိုင်းပြည်တည်ထောင်လို့ ပြည်ဘောင်ဝပြောသာယာရှိပါရင် ငါ နောင်တော်စံပျော်တဲ့ ဟောဒီရွှေဘုံပေါ်က ခေါင်းမြီးခြုံ ဖွင့်တော် မမူဘူး" လို့ မိန့်ခဲ့ဖူးတယ်။ ဒါ့ကြောင့်လည်း ညီတော်နဂါးမင်းက အင်းတော်ကြီးကို ဖန်တီးပြီး သာယာနေချိန်မှာ နောင်ခွင်အင်းကြီးအရှင်က ရှက်ပြီး ခေါင်းမဖော်ရဲလို့ နောင်ခွင်အင်းဟာ မှော်တွေဖုံးအုပ်နေတာပါတဲ့လေ။

( အင်းတော်ကြီးအတ္ထုပ္ပတ္တိမှ ကောက်နှုတ်ရေးသားတင်ပြခြင်းဖြစ်ပါသည်။ )

ရွှင်လန်းချမ်းမြေ့ပါစေ
အကြင်နာမွန်

တောင်တောရယ်သာWhere stories live. Discover now