75

8.4K 1.5K 70
                                    

Unicode

“ရင်းဆုယဲ့.. ဘယ်တုန်းက ပတ်တီးဖြည်လိုက်တာလဲ..?”

ရွှယ်ယို့ရှန်းက စောင်တွေကြားမှ တိုးထွက်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။ အိပ်ရေးဝဝ အိပ်ပြီးပြီဆိုတော့ အိပ်ရာထဖို့ အချိန်ရောက်ပြီ။ ရင်းဆုယဲ့ကို လှမ်းကြည့်လိုက်တော့ ထိုင်ခုံပေါ်မှာ ခန့်ညားသေသပ်စွာ ထိုင်နေပြီး လက်ဖက်ရည် သောက်နေလေရဲ့။ သူ့ရဲ့ခန့်ညားတည်ကြည်မှုက သာမာန်အခန်းတစ်ခုကိုတောင် အဆင့်မြင့်သွားစေလောက်တယ်။

ရွှယ်ယို့ရှန်းကတော့ အလှအပတွေကို ခံစားနေဖို့ အချိန်မရှိသေးဘူး။ လက်ဖက်ရည်ကြမ်းခွက်ကို ကိုင်ထားတဲ့ ရင်းဆုယဲ့ရဲ့လက်ကို ဂရုတစိုက် ကြည့်လိုက်တယ်။ ရှည်လျားသွယ်လျတဲ့ လက်ချောင်းတွေက ကျောက်စိမ်းအလား မနက်ခင်းနေရောင်ခြည်အောက်မှာ အလှပဆုံးအနုပညာတစ်ခုလို တောက်ပနေပြီး ဆွဲဆောင်မှုရှိလွန်းနေတယ်။

ဒါပေမဲ့ ရင်းရဲ့လက်ချောင်းတွေက ဘယ်လောက်ပဲလှပနေပါစေ၊ ရွှယ်ယို့ရှန်းကတော့ အာရုံမစိုက်နိုင်သေးဘူး။ ဘာလို့လဲဆိုတော့ သူ မနေ့ကစည်းပေးခဲ့တဲ့ ပတ်တီးတွေ မရှိတော့ဘူးဟ..!

အမှန်အတိုင်းပြောရရင် မနက်နိုးနိုးချင်း ရင်းဆုယဲ့ရဲ့ ကိုးရိုးကားယားအမူအရာလေးတွေကို တွေ့ရဖို့ မျှော်လင့်ထားခဲ့တာလေ။ အဲ့တာကြောင့် အိပ်ချင်နေတာကို သည်းခံပြီး ရင်းဆုယဲ့နဲ့မလိုက်ဖက်တဲ့ ချစ်စရာကောင်းတဲ့ လိပ်ပြာချည်ထုံးလေးတွေကို တမင်ချည်ပေးခဲ့တာ။ နောက်တော့ ပင်ပန်းလွန်းလို့ အိပ်ပျော်သွားတော့တာပဲ။

သူ့ရဲ့လက်ရှိခန္ဓာကိုယ်က အရမ်းနူးညံ့လွန်းလို့ ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်ဘူး။ အချိန်မှန်အနားယူဖို့ လိုအပ်တယ်။ ဒါပေမဲ့ အလှပဆုံးဆန္ဒနဲ့အတူ အိပ်စက်အနားယူခဲ့ရလို့လားမသိဘူး။ အိပ်မက်ထဲမှာတောင် ရယ်စရာကောင်းတဲ့ လိပ်ပြာချည်ထုံးတွေကို မြင်ခဲ့ရသေးတယ်။

ကံမကောင်းချင်တော့ လက်တွေ့က အိပ်မက်မဆန်ပါလား..!

“ပြန်ကောင်းသွားပြီလေ..”

ရင်းဆုယဲ့က သူ့ရဲ့လက်တွေမြှောက်ပြီး ရွှယ်ယို့ရှန်းရှေ့မှာ သေချာလှည့်ပြလိုက်တယ်။ ဒဏ်ရာတွေက အမာရွတ်လေးတောင် မကျန်တော့ဘူး။ မရှိတဲ့ဒဏ်ရာကို ရင်းဆုလည်း ပတ်တီးမစည်းထားချင်တော့ဘူး။ ကောင်လေး သူ့ကို ဆေးမတိုက်ခဲ့ဘူးဆိုရင်တောင် သူ့ရဲ့ ပြန်လည်ကုသနိုင်စွမ်းက ဒီလိုဒဏ်ရာအသေးစားလေးတွေကို တစ်ညတည်းနဲ့ ကုသပေးနိုင်တယ်။ ထို့အပြင် ကောင်လေးက ဆေးသုံးလုံးတောင် တိုက်လိုက်တာဆိုတော့ ဒဏ်ရာပြန်ကောင်းလာတဲ့အရှိန်ကို သူကိုယ်တိုင်တောင် တားဆီးလို့မရခဲ့ဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now