Chapter-40

15.6K 1.6K 138
                                    

Unicode

အချစ်အားတစ်ဖန် ကြိုးစားယူခြင်း ၆

အိပ်ခန်းတံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ချစ်နိုင်းရယ်ချင်သွားသည်။ပျော်သွားတာမျိုးတော့မဟုတ်။ ဟိုဟိုဒီဒီ ရှုပ်ယှက်ခတ်အောင်ဆွဲထားသည့် ပလတ်စတစ်ကြိုးတွေက ဧည့်ခန်းတစ်ခုလုံး ပင့်ကူအိမ်သဖွယ်ဖြစ်နေတာကို ပျော်စရာကောင်းမတဲ့လား။မျက်စိနောက်ပြီး ခေါင်းကိုက်ချင်စရာကောင်းသည့် ကြိုးတွေအောက် ကုန်းရုန်းလျှောက်ရင်း ကားသော့ချိတ်ထားသည့်နေရာဆီ အရောက်သွားလိုက်သည်။

လုံးထွေးနေသည့် ခြင်ထောင်စ၊ ဆက်တီခုံတွေ၊စာအုပ်ပုံတွေကြား ခြေထောက်ကိုရဲရဲမချနိုင်။ စောင်ကြီးနှင့်လုံးနေသည့် ကိုယ်လုံးပေါ်နင်းချမိမှာစိုးသည်မို့ ခြေဖျားဖွဖွသာထောက်မိ၏။အရင်တော့ ဒီလိုပရမ်းပတာအခြေနေကို ချစ်နိုင်းမြင်ရလေ့မရှိပါဘူး။ သူနိုးလာပြီဆို တစ်အိမ်လုံးရှင်းလင်းပြီး နောက်ဖေးမီးဖိုခန်းမှာသာ ဆူညံနေတတ်သည်။ ဒီနေ့ ဂျူတီချိန်ရှိလို့ စောစောထလိုက်တာ အိမ်ရှေ့ဧည့်ခန်းတစ်ခုလုံး ငါးပါးမှောက်တာနှင့် တည့်တည့်တိုးတော့တာပင်။

တစ်လ .. ချစ်နိုင်း ဒီအိမ်ပြန်ရောက်တာ တစ်လကျော်ခဲ့ပြီ။ ကိုကိုနဲ့ အခြေအနေကိုမေးရင်တော့ ဒီအတိုင်းပါပဲဟုကလွဲလျှင် အခြားဖြေစရာဘာမှရှိမည်မထင်။ငြိမ့်ငြိမ့်တို့နဲ့ကားကို အလစ်လဲပြီး ပြန်ခေါ်လာကတည်းက ထူးခြားတာမရှိပါ။ ချစ်နိုင်းကလဲ လုံးဝအထိမခံသလို ထိုလူကလဲ အရိပ်တကြည့်ကြည့် ပြောတာဆိုတာကလွဲလျှင် လွှတ်ထားပေးတာများသည်။

ချစ်နိုင်းရဲ့ ဂျူတီချိန်‌တွေ များတာလည်းပါမည်ထင်၏။ တစ်ခါတစ်လေ ညကိုးနာရီလောက်မှ အိမ်ပြန်ရတာမျိုးပင်ရှိတတ်သည်။သူများအိမ်မှာနေရတာမို့ မျက်နှာပူစရာကောင်းမည် မထင်ပါနှင့်။ ရယ်စရာကောင်းစွာပဲ အိမ်ရှင်က ချစ်နိုင်းမျက်နှာကြည့်နေတဲ့အဖြစ် ရောက်နေသည်။

ကိုကိုဟာ သိပ်ကိုပြောင်းလဲသွားသည်။ အိမ်မှာနေရင် ချစ်နိုင်းကိုမျက်စိမလွှဲလိုက်ကြည့်နေတတ်ကာ စကားလည်းအလွန်များလာ၏။အတူမအိပ်ချင်လို့ သူ့အခန်းကိုချစ်နိုင်းဆီပေးထားတာကအစ ဧည့်ခန်းမှာအိပ်ရာခင်းအိပ်သည်အဆုံး။ တကယ်ဆို အိမ်မှာအခြားအခန်းပိုတွေရှိပါလျက် မရှင်းတော့ပါဘူးဆိုကာ ပေတေနေပြသည်။ ချစ်နိုင်းကလည်း ဂရုစိုက်မနေပါ။ သူ့ဟာသူ မအိပ်တဲ့လူကို ဘာများပြောနိုင်အုန်းမှာလဲ။ မသိလျှင် အတွဲရန်ဖြစ်ပြီး ချစ်နိုင်းက သူ့ကိုမောင်းထုတ်ထားသလို သနားဖို့ကောင်းအောင် လုပ်ပြနေတာများ။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now