အခန်း ၄၀(စားပွဲထိုး ၁)

1.9K 474 24
                                    

Unicode

နှင်းဖုံးသောတောင်ပတ်လမ်း၏အဆုံး၌ အားကုန်ပင်ပန်းနေပြီဖြစ်သော အမည်းရောင်နဂါးရှိသည်။ အခြားတစ်ဖက်မှာတော့ ရထားလုံးတန်းအရှေ့ဆုံးတွင် ကြောက်ရွံထိတ်လန့်နေသော အမာရွတ်နဲ့သူထိုင်နေပြီး တစ်ချိန်လုံးအိမ်မက်မက်နေခဲ့တာများလား ထင်မှတ်နေသည်။ ထို့အပြင် ဘုန်းတော်ကြီးငယ်တစ်ပါးက နဂါးအမြီးကို ပွေ့ကိုင်ထားပြီး ဆင်ခြေလျှောအောက်ကို လှမ်းကြည့်နေသည်။ သုံးဦးသားအတူ တြိဂံ၏ထောင့်ချွန်များအတိုင်း သဟဇာတဖြစ်လျက်ရှိပြီး တောင့်တင်းစွာ မလှုပ်မယှက်ငြိမ်သက်နေကြသောပုံကို တည်ငြိမ်အေးချမ်းလှသော ရင်သတ်ရှုမောဖွယ် ရှုမျှော်ကွင်းပန်းချီပြကွက်တစ်ခုလို့တောင် သတ်မှတ်သွားနိုင်သည်။

အချိန်မည်မျှကြာသွားသည်မသိ။ တစ်ဦးတစ်ယောက်မှ စတင်မလှုပ်ရှားလာသေး။

နှစ်ရာချီမကကြာသွားပြီထင်ရသောအချိန်ကျမှ အမာရွတ်နှင့်သူကစပြီး လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

မျက်လုံးများက ဂနာမငြိမ်။ တောင်စောင်းတစ်လျှောက်ကို ဇဝေဇဝါနှင့် ခေါင်းမော့ကြည့်သည်။ ပို၍သိပ်သည်းစွာကျဆင်းလာသောဆီးနှင်းများနှင့် ပိန်းပိန်းမှောင်နေသောကောင်းကင်ကိုသာ တွေ့၏။ ခေါင်းထက် မည်သည့်သတ္တဝါမှ ပျံသန်းမနေ။ အစောနကလေးတင် တွေ့လိုက်သည်က ရှည်ရှည်မျောမျော အကြေးခွံသတ္တဝါ။ ထို့အပြင် အခြားအရာတစ်ခုလည်း ရှိသေးသည်။

သို့ပေမယ့် သူဤထက်ပိုပြီး သေချာမမှတ်မိတော့။ တစ်စုံတစ်ရာသည် သူ့အရှေ့ကနေပျံသန်းသွားပြီး နီးကပ်လွန်း၍ ခေါင်းပျက်မတတ်လုနီးပါးကိုတော့ သူသိသည်။

【ဒီလောက်ကြီးမားတဲ့အရာက ရုတ်ချင်းပျောက်ကွယ်သွားနိုင်ပါ့မလား?】

"အဖွဲ့ခေါင်းဆောင်..ဘာလို့ရပ်လိုက်တာလဲ? မြင်းကပြဿနာရှာနေပြန်ပြီလား?"

လိုက်ကာနောက်မှတစ်ယောက်၏မေးသံ ထွက်ပေါ်လာသည်။

ထိုမှသာ အမာရွတ်နှင့်သူ အသိပြန်ကပ်သွားသည်။ ခေါင်းကို အကြမ်းပတမ်းရမ်းခါပြီး ခေါင်းထဲမှအတွေးများကို ကြိုးစားဖယ်ထုတ်လိုက်သည်။ ခရီးပင်ပန်းလို့ အမြင်မှားတာနေမှာပါလို့သာ တွေးထားလိုက်တော့သည်။

Copper Coins《铜钱龛世》Where stories live. Discover now