Unicode - 56

8.7K 657 169
                                    

ညဥ့်နက်နက်၏ အမှောင်သည် ခမ်းနား ထည်ဝါသော လဝန်းခြမ်း အကူအညီဖြင့် မှောင်မိုက်ခြင်း မရှိ။ ပတ်ဝန်းကျင် တစ်ခွင် မှိန်မှိန်ပါးပါး လင်းဖြာနေခဲ့သည်။

ဟိုး . . မိုးယံ အထက်မှာ ရှိနေတာက ငွေသော်တာ။ သူမက ကြယ်အပေါင်း ခြံရံလျက် ကမ္ဘာမြေအား လှမ်းငုံ့ကြည့်ကာ ကျိုတို စံအိမ်တစ်ခွင် ငွေဖြူအသွင် ရောင်စဉ်တို့ကို လှလှပပ ပက်ဖြန်းပေးထားသည်။

သော်တာ လမင်း၏ အလင်းဓာတ်က ခြံ ရှေ့မှ ဆာကူရာပင်များထံ၊ အုတ်လှေကား အနီးမှ ပန်းချုံပင်ကလေးများထံ၊ နောက်ဘက် စည်းရိုး အခြေမှ Hydrangea ပန်းဥယျာဉ် စိုက်ခင်းကလေးထံ ကျရောက်လို့ အေးအေးချမ်းချမ်း အပူအပင် မရှိ မှေးတင် နားခိုနေခဲ့သည်။
    
ည ဆယ် နာရီမှာတော့ ငွေသော်တာ လမင်း၏ ရောင်စဉ်က အိပ်ခန်း အပြင်သို့ ရောက်ရှိလာခဲ့သည်။ လရောင်ဟာ မှန်ပြတင်းမှ ဖြတ်၍ အိပ်စက်ရာ ခုတင်ထက် အလင်းဖြာသည်။ ထို့နောက် ဖြူဖြူနုနု ကောင်ကလေး၏ မျက်ဝန်းများထဲ အတားအဆီး မရှိ ခုန်ဆင်းလာတော့၏။

"ယံ့မျက်လုံးတွေကို ကြည့်လိုက်တဲ့အခါတိုင်း ကျွန်တော်တို့ နှစ်ယောက် အတူ ရှိနေမယ့် အနာဂတ် ခရီးကို မြင်နေရတယ်"

လရောင်များ ပြည့်လွှမ်းနေသည့် ဝေယံ၏ မျက်လုံးများကို ငေးစိုက်ကြည့်ရင်း နေသူရိန်မင်းခန့် ပြောလိုက်ခြင်း ဖြစ်သည်။
    
သူတို့ နှစ်ယောက်စလုံး ခုတင်ပေါ် လဲလျောင်းလျက် ရှိသည်။ သို့သော် ဝေယံ ဦးခေါင်းက နေသူရိန်မင်းခန့် ညာဘက် လက်မောင်းပေါ်မှာ။ ပိုးသားလို နူးညံ့ အိစင်းသော ဝေယံ၏ ဆံစများကို နေသူရိန်မင်းခန့်က လက်ချောင်းတို့ဖြင့် ရစ်နှောင် ဆော့ကစားလျက် ရှိသည်။ ထိုမျှမက ဖြူဥ သွယ်လျသော ပေါင်တံများကိုပါ ခိုင်မာ တောင့်တင်းသော ခြေထောက်များဖြင့် လှုပ်မရအောင် ချုပ်နှောင် ပွေ့ဖက်ထား၏။

"သိပ် ချစ်တာပဲ၊ ယံရော ကျွန်တော့်ကို မချစ်ဘူးလား"

နေသူရိန်မင်းခန့် မေးတော့ ငြင်းဆန်ဖို့ အကြောင်းပြချက်တို့ မရှိစွာ ခေါင်းကို တွင်တွင် ညိတ်သည်။ ဆံသားတို့ လှုပ်ခတ်သွားတိုင်း နူးညံ့ သင်းပျံ့သော မွှေးရနံ့က နှာဖျားအထိ လာရောက် ကျီစားသည်။ နေသူရိန်မင်းခန့် မနေနိုင်လွန်းစွာ ဆံစများ နားခိုနေသည့် ဝေယံ၏ နဖူးထက်သို့ နှုတ်ခမ်းများ ဖိကပ်ပြီး ကြင်နာစွာ နမ်းရှိုက်လိုက်သည်။

SUN { Season 1 }Where stories live. Discover now