Unicode - 60

7.8K 536 73
                                    

ကောင်းကင်မှ နက်ပြာရောင်သည်
ကြည့်နေရင်းပင် ပို၍ မှောင်မိုက်လာ၏။
         
လမ်း တစ်ဖက်စီမှ သစ်ပင်ကြီးများက လေ တိုက်ခတ်ရာမှ ဖြစ်ပေါ်လာသော လှုပ်ရှားမှုဖြင့် ကပြ ဖျော်ဖြေနေကြသလို ရှိသည်။ သို့သော် သူတို့က ကား၏ အဟုန်ကို တုနှိုင်း မမီစွာ နောက်ဖျားဆီ၌ ဝိုးတိုးဝါးတား ကျန်ရစ်ခဲ့သည်။ အမြန် လမ်းမပေါ်တွင် မီးပွင့်ကလေးတွေ ရွေ့လျားနေကြသည်။ ကား၏ မီးရောင်များသာ ဖြစ်သည်။
    
ညမိုးချုပ်ချိန်တွင် အမြန် လမ်းမကြီးပေါ် ကား စီးရတာကို ဝေယံ အနည်းငယ် ကြောက်ရွံ့တတ်သည်။ ထိုသို့ ကြောက်ရွံ့မိတာကို သူ ဖွင့်ပြောမပြသည့်တိုင်အောင် နေသူရိန်မင်းခန့်ကတော့ အမြဲလိုလို သတိထားမိမြဲ ဖြစ်သည်။ ဝေယံ၏ အပြုအမူ၊ လှုပ်ရှားမှု၊ စကားပြောဟန်၊ မျက်လုံး အကြည့်တို့ကို အကဲခတ်ရုံနှင့်တင် ကြောက်နေသလား၊ အနေခက်နေသလား ဆိုတာကို တိတိကျကျ သိနိုင်သူ ဖြစ်၏။
   
ထိုအချိန်မျိုးဆို နေသူရိန်မင်းခန့်က သူ အကြောက်ပြေအောင် ကား မောင်းနေရင်းမှ လက် တစ်ဖက်ကို ဆုပ်ကိုင်ပေးထားလေ့ ရှိသည်။
    
"ဒါလင် ကားကို ဂရုတစိုက် မောင်းပါနော်"
    
"လက် တစ်ဖက်တည်းနဲ့ ကား လက်ကိုင်ဘီးကို ကျွန်တော် ကောင်းကောင်း ထိန်းနိုင်ပါတယ်၊ ယံ မယုံဘူးလား"
    
"ယုံပါတယ်၊ ယုံပါတယ်"
    
နေသူရိန်မင်းခန့် ပြုံးသည်။
    
"ဒါပေမယ့် စိတ်ချရအောင် လက် နှစ်ဖက်နဲ့ ကိုင်မောင်းပါ"
    
"စိုးရိမ်စရာ မရှိပါဘူး၊ ကျွန်တော် ကားမောင်း ကျွမ်းကျင်ပါတယ်၊ ဒီနိုင်ငံမှာ ကားမောင်းလာတာ ပထမဆုံး အကြိမ်မှ မဟုတ်ဘဲ၊ ကျွန်တော် မောင်းတဲ့ ကားပေါ် ထိုင်လိုက်ရတာ ယံ့အတွက် အိမ်မှာ နေရသလို လုံခြုံပါတယ်"
    
နေသူရိန်မင်းခန့်ကို အမှတ်တမဲ့ ဝေယံ စောင်းငဲ့ ကြည့်လိုက်မိသည်။
    
"ဘာကြောင့်ဆို ဂရုစိုက်ခြင်းတွေနဲ့ ကာကွယ်ပေးထားလို့လေ"
    
သို့ရာတွင် သူ ကြောက်နေတာကို နေသူရိန်မင်းခန့် သိနေတာမို့ ငဲ့ညှာသည့်အနေဖြင့် လက်ကိုင်ဘီးကို လက် နှစ်ဖက်ဖြင့် သေချာစွာ ကိုင်မောင်းပေးခဲ့သည်။
    
"ကျေနပ်ပြီလား ဘေဘီ"
    
ဝေယံ သဘောကျစွာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။  

SUN { Season 1 }Where stories live. Discover now