Chapter-46

16.6K 1.5K 153
                                    

Unicode

နှလုံးသားအား တစ်ဖန်ပိုင်ဆိုင်ခြင်း ၂

ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း "ဟုတ်ကဲ့ ဟုတ်ကဲ့" အပြောမပြတ်သော နှုတ်ခမ်းဖူးဖူးများ။ ခပ်ဖျော့ဖျော့ နေရောင်အောက်မှာ ရွှေအိုရောင်ဆံပင်တွေက အရောင်ပိုတောက်လို့နေသည်။ လှစ်ခနဲ အကြည့်ရောက်လာသော မျက်ဝန်းညိုတွေဟာ အမှတ်တမဲ့နှင့်။ အကြည့်ချင်းဆုံသွားတော့ အံ့အားသင့်သလို ဟန်လေးလုပ်ကာ မေးလေးဆတ်ပြလာ၏။ မျက်နှာနုနုဟာ ချောမွေ့လို့။ "ဘာလို့လဲ" ဟူသော နှုတ်ခမ်းလှုပ်ရုံ အမေးကို အဖြေပြန်ပေးလိုက်မည်။

"ချစ်လို့ "

အောက်နှုတ်ခမ်းကို ဖိကိုက်သွား၏။ မျက်ဝန်းအောက်က မှဲ့နက်ကလေးကိုပင် သေချာမမြင်ရတော့။ ကောင်လေးက ရှက်စနိုးဟန်နဲ့ ခေါင်းကိုငုံ့ကာ နှုတ်ခမ်းစွန်းတွေကော့တက်လာကြသည်။ ပြန်မော့လာတော့ မျက်ဝန်းတွေက ပေစောင်းစောင်းနှင့်။ မကျေနပ်ဟန်တော့ ရှိမနေ။ သပ်သပ် သဘောမကျချင်ယောင် ဆောင်နေခြင်းသာ။

နှုတ်ခမ်းဆူပြပြီး တစ်ခုခုပြောလိုက်တာ မြင်သော်လည်း ဘာပြောသလဲ ဖမ်းမမိလိုက်။ သို့သော်  ပြီတီတီရုပ်လေးဖြင့် တစ်ဖက်က ဖုန်းပြောသမျှ ဆက် "ဟုတ်ကဲ့" နေတာမြင်ရုံနဲ့ မြင်ရသူမှာ စိတ်ချမ်းသာရသည်။

ဟော.. ဖုန်းကိုချလိုက်ပါပြီ။ ခပ်ဖျော့ဖျော့ခြေသံလေးက သူ့ဆီလှမ်းလို့လာနေ၏။ သင်းပျံ့ပျံ့ ရေမွှေးနံ့ကလေး။လက်‌ချောင်းသွယ်တွေက အနားကိုကမ်းလို့လာသည်။ သျှမ်းရဲ့ ပါးတစ်ဖက်ဟာ ထိုလက်ချောင်းတွေကြားမှာ ဆွဲလိမ်ခံလိုက်ရတော့၏။

"အွန့်.."

"အပြင်က စောင့်ပါဆို ဒီမှာပြန်ထိုင်နေတယ်။ ဆေးရုံခန်းထဲက ဘာများကောင်းလို့လဲ ကိုကိုရဲ့"

ချစ်နိုင်းအသံက အတော်လေးကို နူးညံ့လျက်။ သျှမ်းဟာ ပါးပေါ်က လက်ချောင်းတွေကို ဆွဲကိုင်ကာ နှာခေါင်းနဲ့မထိတထိဆွဲပွတ်ပြီးမှ လက်ချောင်းချင်းသွယ်ယှက်လိုက်သည်။ သူ့မျက်နှာဟာလည်း ချိုမြလို့။ ချစ်နိုင်းအနားမှာမို့ စိတ်ကြည်လင်နေကာ လူကပါ ပိုကြည့်လို့ကောင်းနေသည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now