Unicode - 72

5.3K 425 109
                                    

ဧည့်ခန်းတွင် မွေးပွ အရုပ်ကလေးများနှင့် ဆော့ကစားနေစဉ် ရုတ်တရက် ရလိုက်သော မွှေးပျံ့သည့် ဟင်းရနံ့များကြောင့် နန်းယု ခေါင်း ထောင်သွားသည်။ ဝတ်ထားသည့် ဂါဝန်ကို ဖြန့်ချထားပြီး ကြမ်းပြင်တွင် ပုံ့ပုံ့ကလေး ထိုင်နေရာမှ ထမင်းစားခန်းဘက် မျက်နှာ လှည့်ပြီး စောင်းငဲ့ ကြည့်လိုက်သည်။ ပိတ်ထားသော တံခါးကြီး၏ အောက်ဖျား ဟနေသည့် နေရာလွတ်ကလေးဆီမှ ထိုးထွက်လာသော မီးရောင်၌ လှုပ်ရှားနေသည့် လူရိပ် တချို့ကို မြင်လိုက်ရသည်။

အဘွားဖြစ်သူ ဒေါ်စန္ဒာခင်ပဲ ဖြစ်ရမည်။

"ဗိုက်ဆာပြီလား မမလေး"

အဖော် ရအောင် အတူ ဆော့ကစားပေးနေသည့် အိမ်အကူလေးက ရုတ်တရက် မေးလာသည်။ နန်းယု ခေါင်းညိတ်လျက် ဘာအဓိပ္ပါယ်မှ မဆောင်သည့် အပြုံးမျိုးဖြင့် ပြုံးပြလိုက်သည်။

"ဒီအချိန်ဆို မြန်မာမှာ ညစာ စားကြပြီလား၊ နည်းနည်းတော့ စောနေသေးတယ်နော်၊ ဒါပေမယ့် ဂျပန် စံတော်ချိန်နဲ့ တိုင်းမယ်ဆို နှစ် နာရီလောက်တော့ နောက်ကျနေပြီ"

"ဒီနေ့တော့ စောစော စားမယ့် ပုံ ရှိတယ်၊ ထမင်းစားခန်းကို အရင် သွားနှင့်လေ၊ ဗိုက်ဆာပြီ မဟုတ်လား"
    
နန်းယု ထိုင်ရာမှ ထရပ်ကာ ထမင်းစားခန်းသို့ လျင်မြန်သော ခြေလှမ်းများဖြင့် လှမ်းသွားလိုက်သည်။ အိမ်အကူလေးက သူမ ဖွထားသည့် အရုပ်တွေကို ရှင်းလင်းဖို့ ဧည့်ခန်းမှာ ကျန်ရစ်ခဲ့သည်။

"လာ . . သမီး၊ ထမင်း စားကြမယ်"

ထမင်းစားခန်းသို့ ဝင်သွားသည့်အခါ စားပွဲ၌ ဟင်းပွဲများ နေရာချ တည်ခင်းနေသည့် ဒေါ်စန္ဒာခင်နှင့် ဆုံသည်။ အဘွားဖြစ်သူက ဟင်းပွဲများကို စီမံနေရင်းမှ သူမကို ထမင်း အတူ စားဖို့ ဖိတ်ခေါ်သည်။ နန်းယု ထမင်းစားပွဲသို့ တည့်တည့်မတ်မတ် လျှောက်သွားပြီး ထိုင်ခုံမှာ ကျကျနန ထိုင်လိုက်သည်။

"သမီးက ဂျပန်မှာ နေတာ ဆိုတော့ မြန်မာ ထမင်းဟင်းတွေ စားတတ်ပါ့မလား . . မသိဘူး၊ သမီး ကြိုက်မယ် ထင်တာလေးတွေတော့ မေ အတတ်နိုင်ဆုံး ပြင်ပေးထားတယ်"

SUN { Season 1 }Where stories live. Discover now