Unicode - 75

5K 420 107
                                    

ညနေ စောင်းပြီ ဖြစ်သော်လည်း ကုန်တိုက်ကြီးက လူကြီးလူငယ် မျိုးစုံဖြင့် ပျားပန်းခပ်အောင် စည်ကားနေဆဲ။ တစ်ဆိုင် ဝင်၊ တစ်ဆိုင် ထွက် မမောနိုင်အောင် ဈေးဝယ်နေကြသော ချစ်သူ စုံတွဲများ၏ လှုပ်ရှားမှု ပုံရိပ်တွေကိုပါ အပေါ်စီးမှ အတိုင်းသား လှမ်းမြင်နေရသည်။

ကျယ်ဝန်းသော အပေါ်ထပ် ဟောခန်းမကြီး၏ စင်္ကြံ လျှောက်လမ်း နံဘေးတွင် သစ်သား ခုံတန်းများ စီတန်းထားသည်။ အပေါ်ဆုံး အထပ်တွင် ရုပ်ရှင်ရုံများသာ ရှိတာမို့ ရုပ်ရှင် ဇာတ်ကားများ ပြသနေပါက သာမန် အချိန်များထက် ပို၍ လူ ရှင်းသည်။

အာကာဟိန်းထက် လက်ထဲမှာ ကိုင်ဆွဲလာသည့် အထုပ်အပိုး အသီးသီးကို ခုံတန်း တစ်နေရာပေါ် ခဏ တင်လိုက်သည်။ ခုံတန်းပေါ် တင်လိုက်တော့မှ တစ်ချိန်လုံး သူ သယ်လာသည့် ပစ္စည်းများက တောင်လို ပုံနေမှန်း မထင်မှတ်စွာ သိလိုက်ရသည်။
    
လွန်ခဲ့သော နာရီပိုင်းက နန်းယုဝေ သွားရာ နောက် တကောက်ကောက် လိုက်ရင်း သူမ လက်ညှိုး ထိုးသမျှ အာကာဟိန်းထက် မနားတမ်း ဝယ်ပေးခဲ့ရသည်။ အရုပ် ဆိုလည်း အရုပ်။ စာအုပ် ဆိုလည်း စာအုပ်။ စားစရာ ဆိုလည်း စားစရာ။ တစ်ခုမှ မငြင်းဆန်ဘဲ ဝယ်ပေးခဲ့တာ ဖြစ်၍ မသိလိုက်ခင်မှာဘဲ အထုပ်များက ယခုလို မနိုင်မနင်း သယ်ယူရသည့် အခြေအနေ တစ်ခုအထိ ဖြစ်သွားရသည်။
    
ဆယ်ကျော်သက် ကောင်မလေး တစ်ယောက် ဖြစ်ရုံမက မွေးရပ်မြေကို အကြာကြီး နေမှ ပြန်ရောက်လာ သူ ဖြစ်၍ မြင်မြင်သမျှ လိုချင်နေတာတော့ ဆိုးလှ၏။ ခက်တာက အာကာဟိန်းထက်သည် တားမြစ်ဖို့ကို အားတုံ့အားနာ ဖြစ်လွန်းနေတာပဲ ဖြစ်သည်။ သို့မဟုတ် အလိုလိုက်လွန်းတာ ဟုပဲ ဆိုရမလား။

"ဦး . . ၊ ဦး ရေခဲမုန့် . . ၊ ရေခဲမုန့်"

အာကာဟိန်းထက် ခုံတန်းမှာတောင် မထိုင်ရသေး။ နန်းယုက သူမ တစ်ကိုယ်စာလောက် ရှိသည့် ပီကာချူး အရုပ်ကြီးကို ဖက်ရင်း ခပ်လှမ်းလှမ်းမှ ပန်းရောင် တွန်းလှည်းကလေးကို လက်ညှိုး ထိုးလာသည်။ ကတော့ ရေခဲမုန့်များကို အရသာ မျိုးစုံဖြင့် ရောင်းသည့် တွန်းလှည်းဆိုင်လေး တစ်ဆိုင်ပဲ ဖြစ်သည်။

SUN { Season 1 }Where stories live. Discover now