Extra 4လရောင်ဟာ သာဆဲ..
နှလုံးသားထဲမှာလည်း ပြောစရာစကားတွေ အများကြီး ရှိလိမ့်မယ်
ပြောပြချင်လိမ့်မယ်..
ဒီလိုနဲ့ ငိုကြွေးနေတဲ့ လရောင်ဟာ
တစုံတယောက်ရဲ့ အိမ်ပြန်လမ်းပေါ်ဝယ် သာနေဆဲ။
.....
အားခနဲ.. အာခေါင်ခြစ်အော်ထုတ်လိုက်တဲ့အခါ အနားမှာ ဝေ့ပတ်နေတဲ့ အမဲရောင် အငွေ့တွေ လွင့်စင်သွားတာကို မြင်လိုက်ရတယ်။ အားကုန်သုံးပြီး ကုန်းရုန်းထလိုက်ပေမဲ့ ခြေတွေ၊လက်တွေက လေးနေတုန်းပဲ။
ကျွန်တော် ရုန်းကန်နေတုန်း နားထဲမှာ တတီတီ ဆူညံသံတွေ ကြားရပြန်တယ်။
နေပါဦး.. မခေါ်သွားကြပါနဲ့ဦး..
အကို့ဆီပြေးသွားပြီး အကို့ကို ရင်ခွင်ထဲ ထွေးပွေ့ဖက်ထားချင်သေးတာ..
အကို့ဆီပြေးသွားပြီး ဒီညီလေးကို ဘာလို့ ဖွင့်မပြောပြခဲ့တာလဲလို့ မေးချင်သေးတာ..
အကို့ဆီပြေးသွားပြီး ကျွန်တော်..
ကျွန်တော်လည်း အရင်ကတည်းက ချစ်ခဲ့မိတဲ့အကြောင်း ဝန်ခံချင်သေးလို့ပါ..
" အကိုလေး.. ဆရာဝန်လာပြီ.."
သိပ်မကြာဘူး.. ရုတ်တရုတ် ကျွန်တော့်ရင်ဘတ်ကို ခပ်အေးအေး အရာကြီးနှစ်ခု လာကပ်တာကို ခံစားလိုက်ရပြီး ချက်ချင်း နှလုံးသားတစ်ခုလုံး ကျဉ်ခနဲဖြစ်သွားတော့တယ်။
နာလိုက်တာမှ.. တအားပဲ..
အဲ့လိုမျိုး နှစ်ခါ သုံးခါလောက် ရှော့ခ်တိုက်ခံရပြီးတဲ့နောက် ကျွန်တော့်ခြေတွေ၊ လက်တွေဟာ အကောင်းအတိုင်းဖြစ်လာတဲ့အပြင် ပထမဆုံးအကြိမ် ကျွန်တော် မတ်တပ်ရပ်လိုက်နိုင်သွားပြီ။
" ကိုး... ကိုး.."
အကို့စူးစူးနစ်နစ်အော်သံနောက်.. ကျွန်တော် နားစိုက်ထောင်ရင်း ပြေးထွက်လာခဲ့မိတော့တယ်။
မှောင်မဲနေတဲ့နေရာကြီးဆီကနေ တဖြည်းဖြည်း အလင်းရောင် သန်းလာတယ်။ ပြီးတော့.. အကို့အသံက ပိုပီပြင်လာတယ်။ အားစိုက်ကြိုးစားပြီး မျက်လုံးဖွင့်ကြည့်နေပေမဲ့ မျက်တောင်တွေဟာ လေးပင်နေတယ်။