Chapter : 99

11.1K 1.3K 313
                                    

Unicode

မျှော်လင့်မထားသော မင်္ဂလာပွဲ

_____________________

"အရှင့်သား....အရှင်မနာရဏီက အမှာစကားပါးခိုင်းလိုက်လို့ပါ ဘုရား"

တံခါးအပြင်ဘက်မှ ထိုအသံကြောင့် အရုဏ တံခါးကိုဖွင့်လိုက်လျှင် စောင့်ဆိုင်းနေသော ရံရွေတော်တစ်ဦးကို တွေ့သည်။ ထိုရံရွေတော်က အရုဏကိုမြင်သော် ထိုက်သင့်သည့် ဂါဝရပေးသည်။

" အရှင့်သားအတွက် မနက်ခင်းစားတော်ပွဲကို မင်းသမီးရှင်နော်ဇာက ဧည့်ခံပါလိမ့်မယ်ဘုရား...အရှင့်သားကို နန်းတွင်းဥယျာဉ်ဆီ လာခဲ့ဖို့ ဖိတ်ခေါ်ထားပါတယ်"

"ကျွန်ုပ်တစ်ယောက်တည်းလား"

" ဟုတ်ပါတယ်...အရှင့်သား"

ယုဂန်မပါသည့်အတွက် အရုဏစိတ်ထဲတစ်မျိုးတစ်မည်ဖြစ်သွားသည်။ သို့သော် တော်ဝင်မျိုးနွယ်အချင်းချင်းသာ တွေ့လိုသဖြင့် ယုဂန်ကိုမဖိတ်ခေါ်ခြင်း ဖြစ်မည်ဟု စဉ်းစားမိသည်။ ထို့ကြောင့် ဘာမှပြန်မပြောဖြစ်တော့ချေ။

" အမတ်ယုဂန်ကို ကျွန်ုပ်ကို ဖိတ်ခေါ်လို့ မင်းသမီးရှင်နော်ဇာနဲ့ ပွဲတော်စာတည်ခင်းမှာဖြစ်တဲ့အကြောင်း လျှောက်တင်ပေးပါ"

ရံရွေတော်သည် မင်းသားအရုဏက အမတ်ယုဂန်နိုင်ကို တကူးတကသံတော်ဦးတင်နေသဖြင့် အံ့ဩသွားပုံ၊ နားမလည်နိုင်ပုံ ရ​၏​။ သို့ရာတွင် မေးခွန်းထုတ်ခွင့်မရှိသူမို့

" ဟုတ်ကဲ့ပါ...အရှင့်သား"

ဟု ရိုရိုကျိုးကျိုးခေါင်းညိတ်နာခံသည်။

ဤသို့နှင့် အရုဏသည် မင်းညီမင်းသားတစ်ဦးအနေနှင့် ညီညွတ်တင့်တယ်စွာ ဝတ်စားဆင်ယင်ပြီးလျှင် မင်းသမီးရှင်နော်ဇာရှိရာ ဥယျာဉ်ဆီထွက်လာခဲ့သည်။

မင်းသမီးရှင်နော်ဇာက နန်းတွင်းဥယျာဉ်ရှိ ဇရပ်ဆောင်ပေါ်တွင် များပြားလှစွာသော စားသောက်ဖွယ်ရာများနှင့်အတူ စောင့်ဆိုင်းနေသည်။

ရှင်နော်ဇာက ဘုရင်မနာရဏီ​၏ ညီမတော်ဖြစ်သော်ငြား ဘုရင်မနာရဏီနှင့် ရုပ်ရည်မဆင်တူနေပါချေ။ ဘုရင်မနာရဏီက ခန့်ညားသောအသွင်သို့သွားပြီး ရှင်နော်ဇာကမူ ချစ်စဖွယ်ကောင်းသော အသွင်ရှိသည်။ ဘုရင်မနာရဏီတွင် ဩဇာအရှိန်အဝါတို့​၏ အငွေ့အသက်လွှမ်းရုံသော်လည်း ရှင်နော်ဇာကမူ ပကတိနူးညံ့သိမ်မွေ့သောသဏ္ဌာန်ရှိသည်။ သူမထံတွင် ရွှန်းပကြည်စင်သော မျက်ဝန်းဝိုင်းဝိုင်းများရှိသည်။ သာမန်အတိုင်းနေစဉ်မှာပင် ပြုံးယောင်သမ်းနေသော နှုတ်ခမ်းတို့ရှိသည်။ မင်းသမီးတစ်ပါးဖြစ်လင့်ကစား လွန်ကြူးစွာပြင်ဆင်ခြယ်သခြင်းမျိုးမပြုဘဲ သင့်တင့်ရုံမျှ ကျစ်လျစ်သိပ်သည်းစွာ ဝတ်စားဆင်ယင်ထားသည်။ ထ်ို့ကြောင့် သူမသည် မင်းသမီးတစ်ပါးအနေနှင့် ကျက်သရေရှိသည့်တိုင် အစ်မတော်ကဲ့သို့ လူတကာရှိန်ရှဲရမည့် အရောင်အဝါ မရှိနေ။ ထိုအစား ကြင်နာတတ်သော၊ မာန်မာနမရှိသော မင်းသမီးလေးအသွင်ဖြစ်သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now