Chapter-49

15.1K 1.3K 126
                                    

Unicode

နှလုံးသားအား တစ်ဖန်ပိုင်ဆိုင်ခြင်း ၅

နှင်းဆီပန်းအိုး ရောင်စုံများတန်းစီစိုက်ထားသည့် လျှောက်လမ်းငယ်။ စကျင်ကျောက်များ စီခင်းထားပုံက ဝေဝေဆာနေသည့် ပန်းပင်တွေကြားမှာ ခမ်းနားနေခဲ့သည်။ ပန်းခင်းကို ဖြတ်တိုက်လာသော လေညှင်းတို့ဆီမှ နှင်းရီရနံ့ကလည်း အိန္ဒြေအပြည့်နှင့် သိမ်မွေ့၏။ လျှောက်သွားရမည့် လမ်းမှာ ပန်းခင်းသည့်လမ်းသဖွယ်။

ချစ်နိုင်းဟာ ဂလုခနဲ တံတွေးကိုမြိုချမိလိုက်သည်။ သူသည် တော်တော်လေးကို စိတ်လှုပ်ရှားနေ၏။ မျက်စိရှေ့က တိုက်ကြီးထဲကို ဝင်သွားဖို့ မဝံ့မရဲသလို ခံစားနေရသည်။ လူတွေ့ စာမေးပွဲဖြေရမည့် လူတစ်ယောက်နှယ်။ ပြင်ဆင်ခဲ့တာတွေ အဆင်ပြေပါ့မလားဟူသည့် စိုးရိမ်မှုကလေးက သူ့ကို မသက်မသာဖြစ်နေစေသည်။

"သွားရအောင်လေ ကိုကိုတို့"

လက်ဖဝါးတစ်ဖက်က နွေးထွေးစွာ ဆုပ်ကိုင်ခံလိုက်ရသည်။ ကားနေရာ ချပြီးသွားပုံရ၏။ ပြန်ရောက်လာသည့် ကိုကိုက ချစ်နိုင်းလက်ကို ဆုပ်ကိုင်ထားကာ ခြေလှမ်းကို စဖို့ပြင်နေသည်။ ကိုကို့နှုတ်ခမ်းစွန်းလေးတွေ ကော့တက်နေပုံမှာ နူးညံ့စွာ။မသိလျှင် ချစ်နိုင်းကို အားပေးနေသယောင်ယောင်။ နှလုံးသားဟာ လုံခြုံမှုကို ခံစားလိုက်ရသည်။

"အင်း သွားကြတာပေါ့"
အပြုံး တစ်ခုနှင့် ချစ်နိုင်းပြောလိုက်၏။ အသံကတော့ ခပ်ယဲ့ယဲ့ကလေးသာ။

မွေးပျံ့နေသော ‌နှင်းဆီပင်တွေကြား သူတို့နှစ်ယောက် လျှောက်လာကြရင်း အတိတ်နေ့တွေကို ချစ်နိုင်းပြန်သတိရမိ၏။ သူဟာ ဒီလမ်းလေးပေါ်မှာ ကိုကို့ကျောပြင်ကို ငေးမောဖူးသည်။ ကိုကို့ မကျေမနပ်မျက်နှာနှင့် အလိုမကျသော အပြောတို့ကို ပြုံးပြုံးလေး ကြည့်နေခဲ့ဖူးသည်။ ကိုကို့နောက်ကို အမှီလိုက်ဖူးသည်။ အခုတော့ ကိုကို့က ဘေးနားကနေလို့ ချစ်နိုင်းလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားခဲ့ပြီ။

ရုတ်တရက် ခစ်ခနဲရယ်လိုက်မိ၏။ လက်တွေပိုတင်းကြပ်လာကာ ခြေလှမ်းတို့တန့်သွားသည်။ ကိုကိုက သွားလက်စကို ရပ်ချပစ်လိုက်ခြင်းပင်။ သွားပါပြီ..ချစ်နိုင်း ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိသည်။ အရေးကြီးတဲ့ အချိန်မှာ သူက ရယ်နေနိုင်သေး၏။ ကိုကို့ဆီမော့ကြည့်တော့ စိတ်ပူတကြီးကြည့်နေသည်ကိုသာ မြင်ရသည်။ မျှော်လင့်ထားသလို မျက်မှောင်ကြုတ်ကြီး မဟုတ်တော့ အခြေနေမဆိုးလှ။ ချစ်နိုင်း သွားလေးတွေစိကာ ရယ်ပြလိုက်ရသည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now