အခန်း ၅၀(လေဟုန်စီးခြင်းအစီအရင် ၁)

1.9K 459 25
                                    

Unicode

ရထားလုံးတန်း၏ပုံရိပ်သည် မြူခိုးများအကြားမှ တိုးထွက်လာ၏။ မြင်းဆွဲသော ရထားလုံးသုံးလုံးမှ ဦးဆောင်ကာ နောက်ဆုံးမှာတော့ လားဆွဲသောတစ်စီးက လိုက်ပါလာသည်။ ရှေ့ဆုံးရထားလုံးတွင်သာ ဦးဆောင်မောင်းနှင်နေသောသူရှိသည်။ ထိုပုဂ္ဂိုလ်သည် အရပ်ရှည်ရှည် သန်သန်မာမာရှိပြီး မျက်နှာထက် အမာရွတ်အစင်းကြောင်း သုံးကြောင်းက သူ့အသွင်ကို ခက်ထန်စေသည်။

သို့ပေမဲ့ ထိုပုဂ္ဂိုလ်သည် အမြင်မှာသာ ဤသို့ထင်ရပြီး တကယ်တမ်းမှာ အလွန်ဖော်ရွေသောသူဖြစ်ကြောင်းကို ကျန်းရှီနင်တို့ကတော့ သိလေ၏။

ဤဇာတ်သဘင်အဖွဲ့သည် ကွမ်းယင်ဆိပ်ကမ်း၌ နှင်းကျသောနေ့တွင် ရွှဲရှန်တို့ကို ခရီးလမ်းကြုံခေါ်ဆောင်ပေးခဲ့သော ကြင်နာသနားတတ်သူများပင် ဖြစ်ချေ၏။

"သူတို့ဒီမှာရှိနေတုန်းပဲလား?"

ကျန်းရှီနင်တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ကိုယ်ကိုယ်တိုင်လည်း တစ္ဆေတစ်ကောင်ဖြစ်သောကြောင့် သက်ရှိလူများနှင့် ယန်စွမ်းအင်ကို ထိတွေ့ရမည်အား တစ္ဆေသရဲများ မည်မျှကြောက်ရွံ့ကြောင်း  သိသည်။ တစ္ဆေသရဲအများစုသည် နေအလင်းရောင်ရှိသောအချိန်ကို ရှောင်ကျဥ်ကြ၏။ ထိတွေ့ကိုင်တွယ်လို့သောရသောအရာများ၌ ကပ်တွယ်နေကြသူများနှင့် သတိထား ကြည့်ရှုစောင့်ရှောက်ပေးမည့်သူ ရှိသောသူများသာ ချွင်းချက်ဖြစ်သည်။ ဥပမာ ကျန်းရှီနင်လိုမျိုး စက္ကူခန္ဓာကိုယ်၌ ကပ်နေပြီး အရိပ်တကြည့် စောင့်ရှောက်ပေးသော ရွှဲရှန်နှင့်ရွှမ်းမင်လည်း ရှိသည်။ သို့ဆိုလျှင်တောင် တစ္ဆေများသည် တိမ်ဖုံးသောနေ့များနှင့် မနက်ခင်းအစောပိုင်း၌သာ ရွေးပြီး လှုပ်ရှားရဲကြ၏။ သို့သော် အနှီဇာတ်သဘင်အဖွဲ့သည် အကြောက်အလန့်မရှိ တစ်ချိန်လုံး ခရီးဆက်နေခဲ့၏။

သေဆုံးသွားပြီးဖြစ်ကြောင်း မသိသေးသောကြောင့်လည်း ဖြစ်နိုင်သည်။ အန္တရာယ်လည်း မခံစားမိသလို မသိစိတ်က ကြောက်လန့်နေတာမျိုးလည်းမရှိ။ ဇာတ်သဘင်အဖွဲ့ ဖြတ်သန်းခဲ့သည့် သက်ရှိများအပြည့်ဖြစ်နေသောလမ်းများ မည်မျှတောင်ရှိနေလောက်ပြီလဲ? အခြားတစ္ဆေများဆိုလျှင်ဖြင့် များပြားလှသောယန်စွမ်းအင်များကြောင့် ပျောက်ကွယ်လင့်နေပြီ။ အနှီအဖွဲ့ကတော့ ပြဿနာတစ်စုံတစ်ရာမရှိ ကျော်ဖြတ်လာနိုင်ခဲ့သည်။

Copper Coins《铜钱龛世》Where stories live. Discover now