Extra 5မိုင်ပေါင်း မည်ရွေ့မည်မျှပဲ ခရီးဆက်ဆက်..
အတိတ်ခြေရာဟာ အရင်နေရာမှာ ထင်ကျန်နေဆဲ။
ဒီနာကျင်စရာကို တစုံတယောက်က ဝေမျှခံစားပေးချင်ခဲ့ပေမဲ့
တစုံတယောက်ကတော့ လမင်းအလင်းကို
ကွယ်ပစ်ချင်တဲ့ တိမ်မဲတအုပ်သာ ဖြစ်ခဲ့တယ်။
…..
“ ကိုး.. မင်း သိလား.. မင်း ဒီအိမ်ကို ဟိုးအရင် စရောက်လာခဲ့တုန်းက မင်းပုံစံကလေ ပေတိပေစောင်း ဂျစ်ကန်ကန်လေး.. အမြဲတမ်း ရန်ဖြစ်မယ် ထိုးမယ် ရိုက်မယ်ဆိုတာချည်းပဲ.. မင်း ရှာသမျှ ပြသနာတိုင်းကို အကို့မှာ လိုက်ရှင်းပေးရ.. မင်း ကျောင်းလစ်တော့လည်း လိုက်ရှာရနဲ့.. အဲ့လိုတွေ မင်းက ဆိုးနေတော့ တနေ့နေ့ တချိန်ချိန် မင်း ဒုက္ခရောက်မှာကို အကို သိပ်စိတ်ပူခဲ့တာ..”
အိပ်ရာပေါ် ပက်လက်ဖြစ်နေဆဲ ကျွန်တော့်ကို လက်သည်းညှပ်ပေးရင်း စကားတွေ ထိုင်ပြောနေတဲ့ အကို့လေသံက တိုးတိုးမှ တကယ့်တိုးတိုးလေး။
ကျွန်တော့်လက်ကို ဖွဖွလေး ကိုင်ထားတဲ့ အကို့လက်နုနုလေးရဲ့ အထိအတွေ့ကို ခံစားနေရပေမဲ့ ခန္ဓာကိုယ်အသေတပိုင်း ဖြစ်နေတဲ့ ကျွန်တော်ကတော့ အကို့လက်ကို ပြန်မဆုပ်ကိုင်ထားနိုင်ဘူးပေါ့လေ။
“ အဲ့လိုတွေ စိတ်ပူရင်းနဲ့ပဲ အကို့စိတ်ထဲမှာ မင်းကို နေရာတွေ အများကြီး ပေးမိတယ်နဲ့ တူပါတယ်ကွာ..”
အကို့ခမျာ ငဆိုးကောင် ကျွန်တော်နဲ့ စတွေ့ခဲ့ကတည်းက အမြဲတမ်း ပူပင်သောကတွေ ရောက်ရရှာတယ်။ ကျွန်တော်က တကယ်မကောင်းတဲ့ကောင်ပါ။
“ အကို့ကိုမြင်တိုင်း စိတ်အလိုမကျဖြစ်သွားတတ်တဲ့ မင်းကို အကို နားမလည်နိုင်ခဲ့ဘူး.. ငါ ဒီလောက် ရင်းနှီးခင်မင်ချင်နေပါရဲ့နဲ့ မင်း ဘာလို့ ဒီလောက်ဆိုးသွမ်းနေသလဲပေါ့.. အထူးသဖြင့် ဒီလိုခပ်ငယ်ငယ် ကောင်လေးတယောက်က တအိမ်တည်းနေတဲ့လူရဲ့မျက်လုံးကို ဒေါက်ချွန်နဲ့ထိုးဖို့ ကြိုးစားခဲ့တဲ့နောက်ပိုင်း..”
ကျွန်တော် သိသားပဲ.. အဲ့ကတည်းက အကို ကျွန်တော့်အပေါ် စိတ်ကွက်နေခဲ့တယ်ဆိုတာ။