Part (22)

6.5K 561 62
                                    

Unicode

    နှစ်ရက်ကြာပြီးတဲ့နောက်...။

    "အမေ....သားဆေးရုံသွား....မင်း ဘယ်လိုရောက်နေတာလဲ။ဘယ်ကတည်းကလဲ"

    အောက်ထပ်သို့ ဆင်းဆင်းချင်း ဧည့်ခန်းထဲတွင် ငုတ်တုတ်ကြီး ထိုင်နေသူကြောင့် အံ့သြသွားရပြန်သည်။ အသံမပေး၊ဘာမပေးဖြင့် နက်စွေးစွေးလူကြီးကို ရုတ်တရက်မြင်လိုက်ရတော့ နှလုံးရောဂါရှိပါက လန့်​ပြီး သေရတော့မည်။

    "အန်တီမီက စျေးသွားပြီ။ခင်ဗျားကို ဆေးရုံလိုက်ပို့ပေးမယ်"

    "ဘာအတွက်လဲ"

    "ဒီတစ်ရက်ပဲ...နောက်ရက်တွေ ခင်ဗျားစိတ်ကြိုက် ဖြစ်စေရမယ်"
  
    "မင်းစကား မင်းတည်ပါ"

    "သွားမယ်"

   ခြေလှမ်းကျဲကြီးများ၏ ဦးတည်ရာကား ခြံရှေ့မှာ ရပ်ထားသည့် ဆိုင်ကယ်ကြီးဆီကိုဆိုတာ ကြိုသိခဲ့လျှင် သူလွယ်လွယ် ခေါင်းညိတ်မိမှာမဟုတ်ချေ။ ဒီနေ့မှ ပုဆိုးအစား Style-Pant ဝတ်ထားမိလို့ တော်ပေသေးသည်။

    "ရပြီလား"

     "အင်း"

   ဒီတစ်ကြိမ်တွင်တော့ ခါးတွေကို မြဲမြံစွာကိုင်ထားဖို့ သူဖိအားမပေးမိတော့ချေ။ ဘယ်အရာမဆို ကံစီမံရာကို သူလက်သင့်ခံရမည့် အခြေအနေများ ဖြစ်ပြီးနေပြီမလား။ သို့သော်လည်း လက်သွယ်သွယ်များ သူ့ခါးထက်မှာ အလိုအလျောက် ယှက်ဟပ်လာသည်မို့ အနဂ္ဂ,ရင်ထဲ၌ လှိုင်းထန်သွားရပြန်သည်။ ဒီတစ်ကြိမ်ပြီး မနီးစပ်မှ ဖြစ်တော့မည်။

     "ဆေးရုံလမ်းလည်း မဟုတ်ဘူး။ဘယ်ကိုလဲ အဲတာ..."

     "ဒီတစ်ရက်ပျက်လိုက်တော့"

     "မပြောမဆိုနဲ့ ထင်ရာ...."

     "ကိုကြီးကိုရော ခေါ်ထားပြီးသား"

     "ကိစ္စရှိလို့လား"

     "ကျွန်တော်က အရေးမပါရင် ဘာတစ်ခုမှ မလုပ်ဘူး။ ခင်ဗျားအတွေးမှာ 'မသူတော် ခုနှစ်ပါး'ထဲ အနဂ္ဂထည်ကို ထည့်,ထည့်မထားနဲ့"

    နောက်ကလူဟာ သူပြောလိုက်သည့် စကားကြောင့် ပါးစပ်ပိတ်သွားခဲ့သည်။ အဝေးပြေးလမ်းမထက်မှ ဆိုင်ကယ်ကြီးတစ်စီးက မြို့ပြဖြင့် ဝေးရာကို ဦးတည်နေခဲ့သည်။ စက္ကန့်များစွာက မိနစ်တွေကို ဖန်တီးသည်။ (၁ဝ)မိုင်ခရီး ကျော်စပြုချိန်မှာ စပျစ်ခြံကျယ်ကြီး တစ်ခုအတွင်းသို့ တမဟုန်ချင်း သူမောင်းဝင်လိုက်၏။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now