Extra 9
နေဝင် နေထွက်ချိန်တွေမှာ အဖော်ပြုပေးမယ်
မောပန်းတဲ့အခါ ဒီပုခုံးလေး ထိုးငှားပေးရင်း
ဒီရင်ခွင်ဟာလည်း တယောက်သောသူအတွက်သာ
အိမ် ဖြစ်နေစေရပါ့မယ်
.....
အကြောသေမတတ် ထုံထိုင်းနေဆဲ ကျွန်တော့်ခြေလက်တွေကို ကောင်းကောင်းလှုပ်ရှားနိုင်ဖို့ နေ့တိုင်း နေ့တိုင်း လေ့ကျင့်ခန်းတွေလုပ်နေရတယ်။
အကိုကလား..
အကိုက ကုမ္ပဏီကြီးတခုရဲ့ အရေးပါ အရာရောက်တဲ့ ရာထူးနေရာမှာ အလုပ်လုပ်နေတဲ့လူမို့ မနက်ဆို ရုံးတက်၊ ညနေဆို ရုံးဆင်းလာပြီးမှ ကျွန်တော့်ဘေးကို ကပ်နိုင်တယ်လေ။
သံပန်းပညာတွေသင်ပြီး အကို့ကို လုပ်ကျွေးပါ့မယ်လို့ ပြောထားကာမှ ကျွန်တော့်မှာ လူမမာတပိုင်း ဖြစ်နေပြန်ပါရော။ အကိုကတော့ သေချာပေါက် မညိုညင်ဘူးဆိုပေမဲ့ အကို့အပေါ် လုံးလုံးလျားလျား မှီခိုနေရတဲ့ ကိုယ့်ကိုယ်ကို ရှက်မိတာတော့ အမှန်ပဲ။
" အယ်.. မင်းက ဒီရောက်နေတာကိုး.."
အိမ်အပေါ်ဆုံးထပ် လသာပြင်အထိ ခက်ခက်ခဲခဲ တက်လာတဲ့ ကျွန်တော့်ကို အကိုက လိုက်ရှာနေပုံရတယ်။ လက်ထဲမှာ အနွေးထည် ခပ်ထူထူတထည် ကိုင်ထားပြီး..
" ကောင်းကောင်းလည်း လမ်းလျှောက်နိုင်သေးတာမဟုတ်ပဲ ဒီအပေါ်ထိ ဘာတက်လုပ်တာလဲ.. တော်ကြာ ပြုတ်ကျနေမှဖြင့်.."
အကိုက ပါးစပ်ကလည်းပြော၊ လက်ကလည်း ကျွန်တော့်ကို အနွေးထည် ဝတ်ပေးနေလေရဲ့။
" ဒီနေ့ ရုံးမှာ အဆင်ပြေခဲ့ရဲ့လား.."
" ပြေပါတယ်.. အကို မင်းကို ပြောစရာရှိတယ်.."
ပြောစရာရှိတယ်ဆိုလို့ နားစိုက်ထောင်နေပေမဲ့ အကို့ဆီက ဘာအသံမှထွက်မလာတာမို့ ကျွန်တော် အကို့ဘက်ကို လှည့်ကြည့်လိုက်မိတယ်။
စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတဲ့ အကို့မျက်ဝန်းတွေက တဖျတ်ဖျတ် လက်လို့။ မပွင့်တပွင့် အကို့နှုတ်ခမ်းဟာလည်း ပြုံးရိပ်သန်းနေတယ်။ ကျွန်တော် လက်ထောက်ရေထားတဲ့ အကို့နဖူးပေါ်မှာ ရှိတဲ့ အရေးအကြောင်းလေးထဲက တတိယမြောက် အကြောင်းလေးကတောင် ဒီနေ့ မှိန်ဖျော့နေသလိုပဲ။