Unicode
မိုးလင်းပိုင်းရောက်မှ ကိုယ်တစ်ရွှဲစာ တဖွဲဖွဲကျသွားတဲ့မိုးကြောင့် ယခုမနက်လင်းတော့ လေငြိမ်နေလျက်သားတောင် မြေသင်းနံ့က ထုံသင်းလို့နေသည်။ထို့အပြင် မြစိမ်းရောင်သစ်ရွက်၊သစ်ခက်တို့ပေါ် ၌လည်း အကြွင်းအကျန် မိုးရေစက်အချို့က တွဲခိုလျက်ရှိ၏။
ရေအိမ်ထဲမှာ အပေါ့အပါးသွားပြီး ပြန်ထွက်လာကာ အိမ်သာတံတားမှာရပ်ပြီး အရှေ့ဘက်ကောင်းကင်ဆီ မော့ကြည့်မိတော့ မိုးတိမ်သားတွေကင်းမဲ့လျက် ရောင်နီပျို့နေပြီ။
အရီးတို့ရေအိမ်က ကျွန်တော်တို့မြို့တော်ကအိမ်လို ရေအိမ်နှင့်အိမ်က တွဲလျက်မဟုတ်။နယ်အိမ်တွေရဲ့ထုံးစံအတိုင်း အိမ်နှင့်ရေအိမ်ကြားမှာ သစ်သားပြားလေးငါးပြားနှင့် တံတားထိုးပြီး ဆက်သွယ်ထားတာဖြစ်သည်။
နောက်ပြီးတော့ ကိုယ့်ခြံဝိုင်းနဲ့ကိုယ် နေကြတာကြောင့် အိမ်အနောက်ဘက်မှာ မအူပင်၊သရက်ပင်၊မာလကာပင်စသည့် အပင်ကြီး၊ငယ်တွေလည်းရှိ၏။
ထိုအပင်တွေရှိတာကြောင့် နံနက်စောစောအချိန်မှာ တစ်ကိုင်းမှတစ်ကိုင်းသို့ ခုန်ကူးကာအစာရှာ၊ဆော့ကစားနေသည့် မီးခိုးရောင် အရောင်အသွေးရှိသည့် ရှဥ့်လေးနှစ်ကောင်ကို လိုက်ကြည့်မိနေရင်း အမှတ်မထင် ကျွန်တော့် အကြည့်တို့က ဓနိဖြင့်မိုးထားသည့် အိမ်နောက်ဖေးရေစင်ခေါင်မိုးပေါ် ဆီရောက်သွားရသည်။
အိမ်သာတံတားပေါ် မှ မတ်တပ်ရပ်လျက်သားကနေ
ကျွန်တော်လှမ်းမြင်နေရတာက စိုဖတ်ဖတ် ဓနိဖတ်တွေကြားမှာ နစ်နေသော အဝတ်စတစ်ခု။ထိုအဝတ်စကိုယူရန် ရေစင်အမိုးတံစပ်မြိတ်နားဆီရောက်ဖို့ ခြေလှမ်းနှစ်လှမ်း၊သုံးလှမ်းမျှသာ လှမ်းရုံပင်။
ထိုရေစင်ခေါင်မိုးက ကျွန်တော့်ထက် ခေါင်းတစ်လုံးစာလောက်ပဲ ပိုမြင့်တာကြောင့် ခြေဖျားအနည်းငယ်ထောက်ကာ လက်မြှောက်ယူလိုက်တော့ လက်ထဲမှာပါလာတာက ရေညှိရောင် အမျိုးသားအတွင်းခံဘောင်းဘီတစ်ထည်ဖြစ်နေသည်။
မနက်က မိုးဖွဲဖွဲကျသွားတာကလွဲရင် လေလည်းဒီလောက်မပါပါဘဲ ဘောင်းဘီက ဘာလို့အိမ်ခေါင်မိုးပေါ် ရောက်နေရတာလဲ။ထိုဘောင်းဘီကို လွှတ်ချရမလိုလို၊ကိုင်ထားရမလိုလိုနှင့် ကျွန်တော်စဥ်းစားနေတုန်းမှာပဲ ရေပုံးဆွဲလျက် အရီးက နောက်ဖေးဆီ ဝင်လာတာမို့ ဘောင်းဘီတန်းလန်း ကိုင်လက်စကပင် အရီးဆီက ရေပုံးကို ကူဆွဲသယ်ပေးလိုက်သည်။
