Unicode
ကျွန်တော့်ရဲ့ နားပူနားဆာလုပ်မှုကြောင့်နဲ့ စျေးထဲမဝင်ခင် အနီးရှိလက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ သက်ဝေထင်ပါ ကျွန်တော်နဲ့အတူ ဝင်ထိုင်ဖြစ်ကြသည်။လက်ဖက်ရည်ဆိုင်ထဲက ခွေးခြေခုံပုလေးမှာ တစ်ဖက်ဆီ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ချိန်မှာတော့ စိုးလွင်လွင်ရဲ့ ငယ်သူမို့ သီချင်းက ဆူညံနေတဲ့ စကားပြောသံတွေကြားကနေ အတင်းရုန်းတိုးကာ ကျွန်တော့်နားထဲဆီသို့ ဝင်ရောက်ပျံ့လွင့်လာခဲ့၏။
" ဘာသောက်မလဲ အစ်ကို "
ရိုကျိုးသောလေသံဖြင့် မေးလာသော စားပွဲထိုးလေးရဲ့ အမေးကြောင့် သီချင်းကို တကူးတကစူးစိုက်ကာနားမထောင်နိုင်ခဲ့။
" ကျစိမ့်တစ်ခွက် ညီလေး ..ကိုသက်ဝေရော ဘာသောက်မလဲ "
စထိုင်ထိုင်ချင်းပင် ဓာတ်ဘူးထဲမှရေနွေးကို ရေနွေးခွက်ထဲငှဲ့ထည့်နေသည့်သူ့ကို ကျွန်တော်မေးလိုက်၏။
" ကျစိမ့်ပဲ "
" ပဲပြုတ်ဆီထမင်းရလား ညီလေး "
" ဟုတ်ကဲ့ ပဲမုန့်၊အီကြာကွေး၊စမူဇာကြော်၊နံပြားနဲ့ပဲပြုတ်ပါ ရတယ်အစ်ကို "
" ပဲပြုတ်ဆီထမင်းနဲ့ ဒူးယားတစ်ပွဲပဲပေး "
စားပွဲထိုးကောင်လေးက လက်ကလေးနှစ်ဖက်နောက်ပစ်ပြီး ခေါင်းညိတ်ကာအနားမှပြန်ထွက်သွားတော့သည်။
" လက်ဖက်ရည်ဆိုင်ထိုင်ရတာ ပျော်စရာကောင်းလား ကျောင်းဆရာ "
အသင့်ငှဲ့ထားပေးသည့် လက်ဖက်ရည်ကြမ်းပူပူခွက်ကို ကျွန်တော့်ရှေ့မှာလာချပေးပြီး မျက်နှာမှာ အပြုံးတွေပြည့်နေသော ကျွန်တော့်ကို သဘောမကျသည်ံ့အခိုးအငွေ့တွေဝေနေသော မျက်ဝန်းတို့ဖြင့် သူက မေးလာသည်။ဟိုးနေ့တွေတုန်းကလည်း ကျွန်တော့်လက်ဖက်ရည်ထုပ်တွေကို ဓားကြိမ်း ကြိမ်းသလို ကြိမ်းထားတာကြောင့် သက်ဝေထင်က လက်ဖက်ရည်ဆိုင်ထိုင်ရတာကိုလည်း သဘောမကျသည့်ပုံပင်။
" ပျော်တယ်ဆိုပြီးရယ်လဲ မဟုတ်ပါဘူး။ မြို့တော်မှာဆို နေ့တိုင်းထိုင်နေကြ ကိုသက်ဝေရ။ ဒီရောက်တော့ လေးငါးရက်မထိုင်ရတာ တော်တော့်ကိုကျွန်တော့်စိတ်ထဲ နေမထိ၊ထိုင်မသာဖြစ်နေတာ "
