၁၀၃

14.8K 2K 94
                                    

Unicode

ကိုယ်ဝန်စရှိချိန် အတူရှိခဲ့သောလူ သို့မဟုတ်
ရင်သွေးလေး၏ဖခင်

အချိန်တစ်ခုမျှ ကြာပြီးနောက်တွင် ချန်းကျင်းသည် သတိပြန်လည်လာခဲ့သည်။ သူ့အနေဖြင့် အချိန်အကြာကြီး အိပ်ပျော်ခဲ့သကဲ့သို့ ခံစားရကာ အင်အားဟူ၍လည်း တစ်စက်မျှ မကျန်တော့သည့်နှယ်။ မျက်လုံးဖွင့်ဖွင့်ချင်း သူ၏မြင်လွှာထဲသို့ ဝင်ရောက်လာသည်က ဖြူဖွေးဖွေးအရာတစ်ခုသာ။ သို့နှင့် တစ်ခဏမျှကြာပြီးနောက်မှ ၎င်းအရာက မျက်နှာကျက်ဖြစ်မှန်း ချန်းကျင်း သဘောပေါက်သွားရ၏။

တဖြည်းဖြည်း အသိစိတ်ပြန်ဝင်လာရင်းဖြင့်ပင် သတိမလစ်ခင်က သိရှိခဲ့ရသော လုထောင်၏ဝမ်းဗိုက်ဒဏ်ရာအကြောင်းနှင့် သူ့ဝမ်းဗိုက်ကရုတ်တရက် နာကျင်ခဲ့သည်များကို ပြန်လည်အမှတ်ရမိသွားရာ ချန်းကျင်းသည် လွန်စွာမှ စိုးရိမ်သွားမိပေတော့သည်။ ထို့ကြောင့် ရုတ်တရက် ခုန်ထလုနီးပါး ထထိုင်လိုက်မိ၍ အလန့်တကြား ရေရွတ်လာမိပေ၏။

"လုထောင်..."

သို့နှင့် အနားတွင် ရှိနေသော လူတစ်ယောက်ကို မြင်သောအခါ ချန်းကျင်းမှာ အနည်းငယ် အံ့အားသင့်သွားရလေသည်။ အဖွားဖြစ်သူသည်ကား ဝှီးချဲလ်ပေါ်တွင် တိတ်တဆိတ် ထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေခြင်း ဖြစ်၏။ သို့သော် ချန်းကျင်း၏အသံကို ကြားချိန်တွင် သူမသည် ခေါင်းမော့ကာ ချန်းကျင်းအား ကြည့်လာခဲ့ပါသည်။ အဖွားဖြစ်သူ၏မျက်နှာထားက အံ့ဩမှုတစ်စွန်းတစ်စမရှိပါဘဲ ပုံမှန်အတိုင်းသာ တည်ရှိနေဆဲ။

"ပြန်လှဲနေ။ မထသေးနဲ့ဦး"

ချန်းကျင်းကမူ အံ့အားသင့်သွားပါသဖြင့် အဖွားဖြစ်သူအား အူကြောင်ကြောင်နိုင်စွာ အမေးဆိုမိသည်။

"ဘာလို့ အဖွားက ဒီရောက်နေတာလဲ?"

ထို့နောက် သူက ဘေးဘီဝဲယာကို လှည့်ကြည့်ရင်း အံ့အားတသင့် ထပ်ဆို၏။

"ဒါကရော ဘယ်နေရာလဲ။ လုထောင်ရော ..သူဘယ်လိုနေလဲဟင်"

လုထောင်အကြောင်း တွေးရင်းဖြင့်ပင် ချန်းကျင်းသည် ပိုမို စိုးရိမ်လာမိရကား မျက်ဝန်းအစုံမှာ ထိတ်လန့်မှုအပြည့် ဖြစ်သွားရ၍ မျက်ရည်များပင် ထွက်ကျလုမတတ် ဖြစ်သွားရပေတော့၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now