" နေသက်နွေး ခဲတံကိုကိုက်နေပြန်ပြီလား! "
ဆရာမရဲ့အသံသွားရာဆီကိုကလေးတွေအားလုံးလှည့်ကြည့်လိုက်ကြတဲ့အခါ ပိန်လှီနေတဲ့ကောင်ငယ်လေးတစ်ယောက်သည် ကျောင်း၏နောက်ဆုံးတန်းမှာ ခဲတံဖင်ကို ကိုက်ခဲထားပြီးတစ်ချက်တစ်ချက်သူ့ခေါင်းလေးကလည်းစောင်းစောင်းသွားတတ်သေးသည်။
ဆရာမရဲ့ပြောသံကိုမကြားသလိုမျက်လုံးတွေကအောက်ကိုသာစိုက်ချထားပြီးခဲတံကိုတင်းနေအောင်ကိုက်ခဲထား၏။
ပြီးတော့ သူ့ခေါင်းလေး ဆက် ခနဲထပ်စောင်းသွားပြန်သည်။
၁၂နာရီထိုးထမင်းစားဆင်းချိန်မှာကလေးတွေအားလုံးကဝရုန်းသုန်းကားကျောင်းပေါက်ဝဆီကိုပြေးလွှားကြတဲ့အခါတုန့်နှေးနှေးကောင်လေးကိုဝင်ဝင်တိုက်သွားတတ်ကြသေး၏။
ကောင်လေးသည်ကျောပိုးအိတ်လက်ကိုင်အားဆုပ်ကိုင်ထားပြီးဘာတစ်ခွန်းမှပြောဆိုခြင်းမရှိ။
အဝေးတစ်နေရာကကျောင်းသားလေးတစ်ယောက်ကိုမြင်တဲ့အခါမျက်လုံးသေလေးထဲပျော်ရွှင်ရိပ်လေးပြေးလွှားသွားပြီး သူ့ခေါင်းလေး ဆက်ခနဲစောင်းသွားပြန်သည်။ ။
'' သက် ... သက်စွေ ... ကို ... ကိုကို ဗိုက်ဆာတယ် "
နေသက်နွေး နဲ့ရုပ်ချင်းခပ်ဆင်ဆင်ကောင်လေးက မျက်နှာပျက်သွားပြီးဘေးဘီကိုမလုံခြုံသလိုလေးတစ်ချက်ဝေ့ကြည့်လာချေသည်။
နေသက်နွေးထက်စာရင် အဲ့ကောင်လေးရဲ့အဝတ်အစားတွေကပိုသစ်လွင်ပြီးသန့်သန့်ပြန့်ပြန့်ရှိ၏။
" အိမ်ပြန်စား ၊ ဒါငါ ငါ့သူငယ်ချင်းတွေနဲ့အတူစားမှာ "
နေသက်နွေး၏ ခေါင်းလေးမှာဆက်ခနဲထပ်စောင်းသွားပြီး သူ့ရှေ့ကကျောင်းသားလေးကို ထပ်ပြော၏။
" ကို ... ကိုကို နဲ့ တူ တူတူစားမယ်"
" သွားစမ်း ! မင်းငါ့ကိုလမ်းမှာတွေ့ရင်မခေါ်နဲ့လို့ပြောထားတယ်နော်! ခေါ်လို့ကတော့ အိမ်ပြန်ရောက်ရင် မင်းအသေပဲ "
နေသက်နွေး တွန့်ခနဲဖြစ်သွားလေသည်။ သူ့ခေါင်းလေးကမဝံ့မရဲလေးထပ်စောင်းသွားပြီး သစ်လွင်တောက်ပတဲ့ ကျောင်းဝတ်စုံတွေနဲ့သူငယ်ချင်းတွေဆီပြေးလွှားသွားနေတဲ့ သူ့ညီလေးကိုငေးကြည့်နေ၏။