မွေးရပ်မြေဆိုတာ၊လူသားတိုင်းရဲ့အချစ်ဦးပဲ။ ဘယ်နေရာကနေပဲပြန်ရောက်ရောက် 'သိမ့်'ခနဲဖော်ပြလို့မရတဲ့ခံစားမှုကိုရရှိစေတာမျိုးပေါ့။
ကားဂိတ်ကဆင်းတာနဲ့၊စျေးသည်တွေ၊ကယ်ရီသမားတွေရဲ့အသံတွေကညံနေတာပဲ။ နေသက်နွေးလမ်းပေါ်ရောက်တဲ့အခါ ဆက်ခနဲရပ်လိုက်မိတယ်။
သူလမ်းတွေကိုမမှတ်မိဘူး။ အချိုးအကွေ့လမ်းဆုံတွေများတဲ့နေရာကိုကြည့်ပြီးနားထင်နားကအောင့်တက်လာပြန်တယ်။
" ညောင်းလို့လား "
" လမ်း ... မသိ ... မသိဘူး! "
" ငါဖုန်းဆက်လိုက် ... အာ ဖုန်းအားကမရှိတော့ဘူး "
ဖုန်းမှန်ကိုစိတ်ပျက်လက်ပျက်ကြည့်နေတဲ့အဲ့လူအမူယာကိုမြင်တော့နေသက်နွေးပိုပြီး၊စိတ်လှုပ်ရှားလာတယ်။
အော်တော့မယ် ၊ အအော်ခံရတောမယ်!
အဲ့လိုအော်လိုက်တိုင်း၊လူတွေအများကြီးကသူ့ကိုထူးဆန်းတဲ့သတ္တဝါတစ်ကောင်လို၊စူးစမ်း၊စိုက်ကြည့်ကြတော့မှာ။
ရုတ်တရက် နဖူးက ဆစ်ခနဲဖြစ်သွားတာကြောင့် နေသက်နွေး'အိ'ခနဲတမိသွားတယ်။ အဲ့လူကသူ့နဖူးကိုတောက်တယ်။
" မသိ .... သက်စွေ ... ကိုကို မသိဘူး !"
ရုတ်တရက်သူ့ခေါင်းပေါ်အရိပ်လေးကျရောက်လာတယ်။ ပြီးတော့ကိုယ်သင်းသင်းလေး၊ မြက်ရိုင်းတွေပေါ်မိုးရေစက်ကလေးတွေကျဆင်းတဲ့အခါထွက်ပေါ်တဲ့စိမ်းမြမြရနံ့လေး။
" နေပူတယ် ၊ အရိပ်ထဲသွားပြီး ခေါင်းအေးအေးထားပြီးစဥ်းစား ၊ ဒီနေရာမှာငါကမင်းကိုအားကိုးရမှာနော် "
အဲ့လူကသူ့ရဲ့အပေါ်ဝတ်လက်ရှည်ကိုနေသက်နွေးရဲ့ခေါင်းပေါ်လွှားပေးရင်း၊စိတ်ရှည်လက်ရှည်ဟန်နဲ့ပြောတယ်။
ရင်ထဲနည်းနည်းအေးသွားသလိုပါပဲ။" ဟိုဘက်လမ်းမှာရေဘူးသွားဝယ်လိုက်အုံးမယ်၊ငြိမ်ငြိမ်လေးထိုင်ပြီးစဥ်းစားနေနော် "
နေသက်နွေး ခေါင်းငြိမ့်ပြလိုက်တော့၊နေပူထဲမျက်မှောင်ကြုတ်ရင်း၊ကားလမ်းတစ်ဖက်က၊စွယ်စုံရကုန်စုံဆိုင်ထဲကိုဝင်သွားတယ်။