အခန်း ၅၆(အရိုးချည်မျှင် ၁)

1.6K 405 12
                                    

Unicode

ယနေ့တွင် ဖောင်ခြံဝန်း၌ ဆယ်ယောက်မက စုဝေးနေကြသည်။

လောင်ယဲ့နှင့်လောင်ဖုရမ် ဆုံးပါးသွားကြပြီဖြစ်သည်မို့ ဖောင်ချောင်းနှင့် ဇနီးဖြစ်သူ ကျန်းရှီကျင်းသာ အိမ်ကြီး၏ အခရာများဖြစ်ကြသည်။ ချန်းရှူမှာ ဘဏ္ဏာထိန်းဖြစ်ပြီး ချန်းဆောင်မှာ အိမ်တော်ထိန်းဖြစ်သလို စားတော်ချက်လည်းဖြစ်သည်။ ထိုနှစ်ဦးထံ၌ ဆေးဆိုင်ကို တာဝန်ယူသူနှင့် ငွေစာရင်းကိုင် တာဝန်ယူသည့် သားအမြွှာနှစ်ဦးရှိသည်။

ရှင်းဇီမှာ လောင်ယဲ့မှ ခေါ်ယူစောင့်ရှောက်ထားသော မိဘမဲ့တစ်ဦးဖြစ်သည်။ ကျန်းရှီကျင်း လက်ထပ်ထိန်းမြားပြီး ဤအိမ်တော်သို့ ရောက်လာကတည်းက အပါးတော်မြဲအစေခံဖြစ်ခဲ့သည်။ နှစ်တွေကြာလာသည်နှင့်အမျှ ကျန်းရှီကျင်းဆီမှ ဆေးပညာကို လေ့လာရင်း လက်ထောက်အနေဖြင့်တောင် မှတ်ယူနိုင်ပြီဖြစ်သည်။

ကျန်သောအိမ်စေများမှာ ဆေးပင်များ စိုက်ပျိုးရာနှင့် ချက်လုပ်ရာ နေရာများ၌ တာဝန်ယူကြသည်။ နယ်ခံမိသားစုများမှ လွှတ်ထားသော အလုပ်သင်လူငယ်များလည်း ရှိသည်။

သို့သော် အစေခံလူငယ်များသည် အမြဲတစေ အိမ်တော်၌ ရှိမနေကြ။ ဆေးပင်ဆေးမြစ်များရှာဖွေရန် တစ်ခါတစ်ရံ ရက်ပေါင်းများစွာ ခရီးထွက်လေ့ရှိကြသည်။ ထို့အတူ အလုပ်သင်များမှာလည်း နေ့တိုင်းမလာကြ။ ချို့တဲ့သောမိသားစုများထံမှဖြစ်သောကြောင့် မိဘများကို ကူညီလုပ်ကိုင်ပေးနေရသည့် အချိန်ကများသည်။

ထို့ကြောင့်ပဲ ဖောင်ဆေးဆိုင်သည် အမြဲတစေ လူထူပေမယ့် အိမ်တော်ကတော့ တိတ်ဆိတ်နေလေ့ရှိ၏။

ဒီကနေ့ညနေခင်းကတော့ နှစ်ပေါင်းများစွာအတွင်း ဖောင်ခြံဝန်း၏ အဆူညံဆုံးညနေခင်းဟု ဆိုရမည်။ ဖောင်ချောင်းနှင့် ကျန်းရှီကျင်းမှခေါ်လာသော သူတောင်းစားများသည် ပျော်ပျော်ပါးပါး ကိုယ်လက်သန့်စင်၍ ချန်းရှူနှင့်ချန်းဆောင်ပေးသော အဝတ်သန့်များကို လဲဝတ်ပြီးပြီဖြစ်၏။ အဝတ်များမှာ အသစ်များမဟုတ်သော်လည်း အရေးကြီးသည်မှာ သန့်ရှင်းပြီး အပေါက်အပြဲမပါ။

Copper Coins《铜钱龛世》Where stories live. Discover now