KING(8)

12K 1.1K 8
                                    

KING- 8

ကိုယ်လုံးပေါ်မှန်မှာပေါ်နေတဲ့ ကိုယ့်ပုံရိပ်ကို ခေါင်းအစခြေအဆုံး တစ်ချက်ပြန်ကြည့်ပြီးနောက်တော့ အပြုံးပါးပါး တစ်ခုကိုလုပ်ယူမိသည်။ ဒဏ်ရာပေါ်လောက်အောင်တိုနေပြီဖြစ်တဲ့ ဆံပင်တိုပေါ်ရှိ ညာဘက်နားရွက်အထက်က အမာရွတ် အစင်းကြောင်းပေါ် ပွတ်ဆွဲလိုက်တော့ ရင်ထဲမှာတဆစ်ဆစ်။ ဖြစ်ခဲ့သမျှအတိတ်ရက်စွဲအားလုံးရဲ့ သက်သေအဖြစ် တည်ရှိနေတဲ့ဒဏ်ရာ။ ရင်ထဲမှာ အမုန်းထုထည်တွေကြီးမားလာတိုင်း ဒဏ်ရာကိုခပ်ဖွဖွထိတွေ့ပေးတတ်တဲ့ လက်တစ်စုံကို အမှတ်ရပြီး အားတင်းခဲ့ရသည့်အချိန်တွေ။ နာကြည်းမှုနဲ့ ကြည်နူးမှု တစ်ပြိုင်တည်း စုစည်းတည်ရှိနေတဲ့ အမှတ်အသား တစ်ခုကို လှစ်ဟရင်း ကိုယ့်အမည်နာမရေးထိုးမည့် ဒိုင်ယာရီစာအုပ်ရဲ့ ပထမဆုံးစာမျက်နှာကို ဒီလို စတင်အသက်သွင်းခဲ့ရ၏။

                           *****

အဖြူနဲ့ အစိမ်းရောင်ကို ဦးစားပေးအလှဆင်ထားတဲ့ ဆင်စွယ်ရောင် ခန်းမကျယ်ကြီးထဲမှာ တူညီဝတ်စုံနှင့် လူအများ ပြေးလွှားနေကြသည်။ အသစ်ဖွင့်လှစ်မည့် Mesopotamia Hotel ရဲ့ Hotel Advisor ကြိုဆိုပွဲ။ ဧည့်သည် အနည်း အကျဉ်းသာ တက်ရောက်မည့်ပွဲတစ်ခုအတွက် တောင်းဆိုသည့် လုံခြုံရေးအင်အားက အယောက်တစ်ရာ။

အစိုးရဘက်က အရာရှိကြီးတွေနဲ့၊ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ပါဝင်မည့် ပွဲအတွက် လုံခြုံရေးကို ဟန်စစ်တို့အဖွဲ့ထံ တာဝန်ပေးခြင်းကြောင့် ရောက်နေရခြင်းဖြစ်သည်။ ပုံမှန်ဆို Security Team ဘက်ကို ခြေဦးတောင် မလှည့်ပေမယ့် ခန်းမအတွင်းအပြင် စောင့်ကြပ်ရမည့် လူစာရင်းကို နေရာချရင်းအလုပ်ရှုပ်နေတဲ့ ဆရာဦးကျော်ဝင်းကို မြင်တော့ ဟန်စစ်လည်း ထိုင်ကြည့်မနေနိုင်။ ဟန်စစ်ကိုယ်တိုင် လူအင်အားဖြည့်ပေးရင်း ဟိုတယ်ဘက်လိုက်လာပြီး ပွဲကျင်းပမည့်ခန်းမဖွဲ့စည်းပုံနှင့် လျှို့ဝှက်ကင်မရာ ရှိမရှိ လိုက်စစ်ဆေးပေးနေခြင်းဖြစ်သည်။

အထပ်မြင့်ဟိုတယ်မဟုတ်ဘဲ ဘန်ဂလို အိမ်ရာဝင်းပုံစံဖွဲ့စည်းထားသည့် Mesopotamia Hotel က ခုခေတ်အပြင်အဆင်နှင့် ကွဲထွက်နေသည်။ တစ်ဦးနဲ့တစ်ဦး ခြေချင်းမလိမ်မိအောင် ရှောင်ရှားနေရရင်း ဟိုတယ်ဝန်ထမ်းမလေးတွေထံမှ နားစွန်နားဖျားကြားမိတဲ့ Crystal အစစ်တွေချည်းပဲသုံးထားတာဆိုသည့် အလှဆင်ဖန်ချောင်းတွေက stage အနိမ့်လေး ဆီသွားသည့် လျှောက်လမ်းမှာ။  ယခုခေတ်အသုံးများသည့် မျက်နှာကြက်မှာမြှုပ်သုံးထည့်ရတဲ့ အနုမြူမီးလုံးများအစား တွဲလောင်းချိတ်ထားသည့် မီးဆိုင်းများကိုသာ သုံးထားခြင်းကြောင့် ခန်းမ၏အပြင်အဆင်တို့က ခေတ်နောက်ပြန်ဆွဲထားသလိုဖြစ်သည်။

KINGWhere stories live. Discover now