Chapter(351) - စိတ်ထဲက သံသယများ

2.7K 616 16
                                    

Unicode

အခန်း(၃၅၁) - စိတ်ထဲက သံသယများ

တိုက်ပွဲကို စောင့်ကြည့်နေသည့် ဖုန်ကျင်းယွီကတော့ အလေးအနက် မယူပေ

"မင်းသူ့ကို ရှုံးတယ်ဆိုတာ ပုံမှန်ပဲ မဟုတ်ဘူးလား? အနည်းဆုံးတော့ လင်းချီကုက တိုက်ပွဲအတွေ့အကြုံရှိတဲ့ စစ်သူကြီးတစ်ယောက်ဖြစ်ပြီး သူ့ကျင့်ကြံဆင့်ကလည်း မင်းထက် အများကြီးမြင့်မားတယ်, အကယ်၍ သူသာ မင်းဆီက တစ်ချက်တည်းနဲ့ အနိုင်ယူခံလိုက်ရရင် ဟိုးတုန်းကတည်းက နယ်မြေကြီးကိုးခုမှာ လုံးဝပျက်စီးပြီးနေလောက်ပြီ"

ယန်ထျန်းဟန်က ခေါင်းတစ်ဆတ်ဆတ်ညိတ်ပြီး သူ့လက်သီးလေးကို လှုပ်ရမ်းလိုက်သည်။

"အမှန်ပဲ, ဒါပေမဲ့ ငါအခု အားကုနဲ့ သရေကျလုနီးနီး ဖြစ်နေပြီ"

ဖုန်ကျင်းယွီက နှာမှုတ်သည်။

"အကယ်၍ လင်းချီကုသာ မင်းကို တမင်သက်သက် လျှော့မပေးဘူးဆိုရင် မင်းသူ့လက်အောက်မှာ သုံးကွက်တောင် ခံနိုင်မှာမဟုတ်ဘူး"

ယန်ထျန်းဟန်က အံ့အားသင့်သွားရသည်။

"တကယ်ကြီးလား?"

လင်းချီကုကို သူရှင်းရှင်းလင်းလင်း အမိန့်ပေးထားပါတယ် သူ့ကိုမထိခိုက်စေပဲ ပညာကုန် ထုတ်သုံးဖို့အတွက်

"အမှန်ပဲ" လင်ရွှမ်းဇီရဲ့ ဓားက ယန်ထျန်းဟန်ရဲ့ ဘေးနားလေးသို့ ရောက်လာသည်။

"အကိုကြီး, ဘာလို့ဒီရောက်လာတာလဲ!" ယန်ထျန်းဟန်က ပျော်ရွှင်မှုဖြင့် အံ့အားသင့်သွားရသည်။

လင်ရွှမ်းဇီက ပြုံးပြုံးလေးဖြင့်သာ

"ငါ အားဟန်ကို မတွေ့ရတာ ကြာသွားပြီမို့လို့, သူ့ကို အရမ်းအရမ်း လွမ်းနေတာ ပုံမှန်ပဲလေ"

ဖုန်ကျင်းယွီသည် လင်ရွှမ်းဇီတစ်ယောက် ရောက်လာတာနဲ့ တစ်ပြိုင်နက်တည်း ရပ်မရနိုင်အောင် ချိုမြိန်သောစကားများ ပြောနေသည်ကို နားထောင်နေရသည်။ သူ့အနေနဲ့ မျက်လုံးမလှန်ပဲ မနေနိုင်တော့ပဲ လင်းချီကုရဲ့ ခေါင်းပေါ် ပျံသန်းတက်သွား၏။ သူက အလောင်းရဲ့ ဆံပင်အား သူ့အတောင်ပံလေးနဲ့ တစ်ဖြတ်ဖြတ် ပုတ်လေသည်။

လင်းချီကုကတော့ ၎င်းအား ကျင့်သားရနေပုံပေါ်ပြီး ဖုန်ကျင်းယွီတစ်ယောက် သူ့ခေါင်းပေါ်မှာ အငြိမ်မနေပဲ လျှောက်လုပ်နေသည်ကို ခွင့်ပြုပေးထားသည်။

ယန်ထျန်းဟန်ကတော့ ပြုံးဖြီးနေလေပြီ။

"အကိုကြီး မကြာသေးခင်က ဘယ်လို အောင်မြင်မှု ရထားသေးလဲ?"

လင်ရွှမ်းဇီက ခဏလောက် စဉ်းစားလိုက်သည်။

"ငါအခု ဓားသိုင်းကွက်တွေကို ပိုပြီးနားလည်လာပြီ ပြီးတော့ ငါ့ကျင့်ကြံဆင့်ကတစ်ဖြည်းဖြည်း လျော့ပါးလာပြီး ချိုးဖြတ်ဖို့ သိပ်မကြာတော့ဘူးလို့ ခံစားရတယ် ဒါပေမဲ့ ငါအဲ့ဒါကို အချိန်တစ်ချို့လောက်ထိ ဖိနှိပ်ထားချင်သေးတယ် မြန်မြန်ကြီး အဆင့်မတက်ချင်သေးဘူး"

ဖုန်ကျင်းယွီသည် အသက်ရှည်ခြင်းနဲ့ အဆင့်အတန်းတွေကြောင့် ကျင့်ကြံဆင့်ကို အလွန်အမင်း မြင့်မားချင်နေကြသော လူများစွာကို မြင်ဘူးတာကြောင့် လင်ရွှမ်းဇီအပေါ် အသိအမှတ်ပြုမှုတစ်ချို့ ခံစားလိုက်ရသည်။ ဒါကြောင့်လည်း ထိုလူများက တတ်နိုင်သမျှ မြန်မြန်ကျော်ဖြတ်လိုသော ဆန္ဒသည် ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု ရှိနိုင်သည်ဟူသော အချက်ကို လျစ်လျူရှုထားကြတာပင်။ သူတို့ရဲ့ကျင့်ကြံမှုကို တိုးမြှင့်ဖို့ အခွင့်အလမ်းရခဲ့ရင်တောင် သူတို့ရဲ့ ခွန်အားနဲ့ အခြေခံအုတ်မြစ်ဟာ တည်ငြိမ်မှာ မဟုတ်။ ၎င်းသည် အနာဂတ်မှာ အောင်မြင်မှုများအား ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းနိုင်တဲ့ လမ်းကြောင်းကို ပို့ဆောင်ပေးမှာ မလွဲမသွေသာ။

သို့သော်လည်း လင်ရွှမ်းဇီကတော့ ကိုယ့်ကိုကိုယ် ထိန်းချုပ်မှုနဲ့ တည်ငြိမ်အေးဆေးမှု ရှိနေသည်။ သူသည် အနာဂတ်မှာ ပိုမိုကြီးကျယ်သည့် ကျင့်ကြံဆင့် ရှိလာလိမ့်မည်။

ယန်ထျန်းဟန်က ခေါင်းညိတ်သည်။

"အကိုကြီး, ခုနပြောတာ ဘာကိုဆိုလိုတာလဲ?"

လင်ရွှမ်းဇီက ယန်ထျန်းဟန်အား တစ်ချက်ကြည့်လိုက်ပြီးနောက် လင်းချီကုကို ကြည့်သည်။

"မင်းတို့နှစ်ယောက်က စာချုပ်ချုပ်ထားတဲ့ ဆက်ဆံရေး ရှိတာမို့လို့ အချင်းချင်း မသိစိတ်ကနေ အပြည့်အဝ ရန်မဖြစ်နိုင်ဘူး...ဒါကြောင့်လည်း ဘယ်သူက အကောင်းဆုံး လှုပ်ရှားမှု ရှိလဲဆိုတာကို ပြော ဆိုရင်တော့ ပြောမရနိုင်ဘူးလေ, ဒါပေမဲ့ အားဟန်, မင်းရဲ့ အတွေ့အကြုံနဲ့ လက်ရှိကျင့်ကြံဆင့် နယ်ပယ်က အားဟန်လောက် မခိုင်မာဘူး, အတွေ့အကြုံပိုင်းမှာဆိုရင်တော့ အားကုရဲ့ အတွေ့အကြုံတွေက ငါနဲ့မောက်မောက်တောင် မယှဉ်နိုင်ဘူးလို့ ပြောလို့ရတယ်"

ယန်ထျန်းဟန်ကအလွန်သဘောကျသွားသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က နက်ရှိုင်းမြို့မှာ ရှစ်ယုန့်ထိုင် လွှတ်လိုက်သော လူသတ်သမားများကို တိုက်ခိုက်ရာတွင် လင်းချီကု၏ လုပ်ရပ်များသည် အပြတ်သားဆုံးနှင့် အသွက်လက်ဆုံးပင်။ သူက ထိုလူသတ်သမားများထက်ပင် လေ့ကျင့်ထားသော လူသတ်သမားနှင့် ပိုတူနေခဲ့သည်။

သူ့ရဲ့ မသိစိတ်မှာ ကျန်နေတဲ့ သတ်ဖျတ်တတ်သော ဗီဇကြောင့်သာ မဟုတ်ရင် အလောင်းရုပ်သေးတစ်ရုပ်က ဒီအဆင့်ထိ မရောက်နိုင်

ဖုန်ကျင်းယွီက ခေါင်းတစ်ဆတ်ဆတ်ညိတ်၍ လင်းချီကုရဲ့ ဆံပင်ကို ဆိတ်လေသည်။

"လင်းချီကုရဲ့ ကတ္တီပါနီခြူံးလှံအောက်မှာ ထောင်နဲ့ချီတဲ့ နတ်ဆိုးအတတ် ကျင့်ကြံသူတွေနဲ့ နတ်ဆိုးတွေ သေဆုံးခဲ့ရတယ်, တကယ့်ကိုပဲ သူ့ကို ဘယ်သူမှ မယှဉ်ပြိုင်နိုင်ဘူး, ဒါပေမဲ့ တကယ်တော့လည်း သူအဲ့ဒီလို အများကြီး သတ်ဖြတ်ခဲ့လို့ သူသတ်ခဲ့တာတွေက နတ်ဆိုးတွေ ဖြစ်နေတာတောင် ကံကံ၏ အကျိုးက သူ့ကိုလွှတ်မပေးခဲ့တာပေါ့, သူ့ရဲ့ လက်ရှိကံကြမ္မာက သက်သေပြသွားခဲ့ပြီလေ"

ယန်ထျန်းဟန်သည် အနည်းငယ် ဝမ်းမနည်းပဲ မနေနိုင်တော့ပေ။

"အနည်းဆုံးတော့ အားကုက ထိုက်တန်စွာ သေဆုံးခဲ့ရတာပါ"

ဖုန်ကျင်းယွီက လှောင်ပြောင်ဟန်ဖြင့် နှာမှုတ်သည်။

"တကယ်တော့ သူက ဘာမှမဟုတ်ပဲ သေခဲ့ရတာ, မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်မှာ လင်းမိသားစု အားလုံးက တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့ရပေမယ့် လင်းချီကုရဲ့ မျိုးဆက်မှာကျတော့ မင်းသားရဲ့ ရာထူးအတွက်ကြောင့်နဲ့ လင်းမိသားစုကို ပြိုလဲကျသွားစေခဲ့ရတာ, အဲ့ဒါက ကမ္ဘာတစ်ခုလုံးရဲ့ အကြီးမားဆုံး ဟာသပဲ ဖြစ်သွားခဲ့တယ်, ဘာလို့ လင်းချီကုက မသေခင်မှာ အနိမ့်ပိုင်းဘုံကို ပြေးလာခဲ့ရတာလဲ သိလား? အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ သူက လင်းမိသားစု ဘိုးဘေးတွေကို ရင်ဆိုင်ရမှာ အရမ်းရှက်ရွံ့ပြီး သူတို့ရဲ့ အုတ်ဂူထဲမှာ မသေရဲလို့ပဲ"

လင်းချီကုရဲ့ အတိတ်အကြောင်း ရှင်းပြတဲ့အချိန်မှာ ဖုန်ကျင်းယွီက ဒေါသနှင့် အမုန်းတရားများ ပြည့်နှက်နေသည်။

လင်ရွှမ်းဇီက ဘာမှမသိသည့် လင်းချီကုအား တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး တုန့်ပြန်သည်။

"အဲ့ဒီလို ကံကြမ္မာမျိုးက သူ့ကိုယ်ပိုင် ရွေးချယ်မှုပဲ, လူတစ်ယောက်က သူကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေရဲ့ ပျော်ရွှင်မှုတွေနဲ့ ဒုက္ခတွေကို အကောင်းဆုံးသိကြတာပဲ"

ဖုန်ကျင်းယွီကတော့ လက်မခံ

"အဲ့ဒါ ဒီအရူးက သူ့လုပ်ရပ်ရဲ့ အကျိုးဆက်ကို နားမလည်လို့လေ, အကယ်၍ သူသာ သိခဲ့ရင် အဲ့ဒီငမိုက်သားကောင်အတွက် သူ့ကိုယ်သူ ဒီလိုလုပ်ခဲ့မှာ မဟုတ်ဘူး"

လင်ရွှမ်းဇီက ခေါင်းခါသည်။

"ဒါကတော့ ပြောရခက်တယ်, လင်းချီကုက ချစ်ခြင်းတရား နက်ရှိုင်းပြီး သစ္စာစောင့်သိတဲ့သူမျိုး, သူသေသွားပေမယ့်လည်း တစ်ချို့အရာတွေကို နောင်တမရခဲ့လောက်ဘူး"

ဖုန်ကျင်းယွီ, "..."

Crap, လင်ရွှမ်းဇီက ဒီနေ့ သူ့နှလုံးသားကို ဓားနဲ့လာထိုးတာပဲ!

ဖုန်ကျင်းယွီက လင်းချီကုရဲ့ နှဖူးအား ရိုက်ထည့်လိုက်ပြီး ဒေါသတကြီး ပြောလေသည်။

"မင်းလည်း အရူးပဲ! ငါမင်းနဲ့ စကားမပြောချင်တော့ဘူး"

ဖုန်ကျင်းယွီက အဝေးတစ်နေရာသို့ ပျံထွက်သွားတော့သည်။

လင်းချီကုက ရုတ်တရက် ဖုန်ကျင်းယွီ ထွက်သွားရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်၏။ ခဏအကြာမှာ သစ်တောအနက်ပိုင်းသို့ စတင်ပြေးဝင်သွားတော့သည်။

ယန်ထျန်းဟန်က သူ့မေးလေးအား တွေးဆဆဖြင့် ထိလိုက်သည်။

"အားကုလည်း မောက်မောက်အပေါ် ခံစားချက် မရှိတာ မဟုတ်ဘူးလို့ထင်တယ် ဟုတ်တယ်မှတ်လား?"

လင်ရွှမ်းဇီက ပြန်ဖြေသည်။

"အဲ့ဒါက အခြေအနေက ပေးတဲ့ တုံ့ပြန်မှုလည်း ဖြစ်နိုင်တာပဲ"

ယန်ထျန်းဟန်, "..."

အကိုကြီးက ဖုန်ကျင်းယွီအပေါ်မှာသိပ်ပြီး ဖော်ရွေမှု မရှိဘူးလို့ ဘာလို့ ရုတ်တရက် ခံစားလိုက်ရတာပါလိမ့်?

ယန်ထျန်းဟန်က မေးသည်။

"အကိုကြီး, အခုတစ်လော မောက်မောက်က အကိုကြီးအပေါ် ဆန့်ကျင်ထားသေးလို့လား?"

"ဆန့်ကျင်တာမျိုးမရှိပါဘူး" လင်ရွှမ်းဇီက ပြီးစလွယ်ဖြင့်သာ

"ငါက သူ့ကိုသိစေချင်ယုံပဲ တာဝန်တွေကို ခေါင်းရှောင်ပြီး လျှောက်ထွက်ပြေးတာမျိုး မလုပ်သင့်ဘူးဆိုတာကိုပေါ့"

ယန်ထျန်းဟန်, "..."

အဲ့ဒီတော့ ဆန့်ကျင်တာတော့ ဆန့်ကျင်ထားတယ်ပေါ့လေ

လင်ရွှမ်းဇီ ရောက်လာတာကို အခွင့်ကောင်းယူ၍ ယန်ထျန်းဟန်က နောက်တစ်နေမှာပင် မဟာအကြီးအကဲ ဟွိုင်ယွီနဲ့ 《ယင်မီးတောက်လက်ဝါး》အကြောင်းအား လင်ရွှမ်းဇီကို အိတ်သွန်ဖာမှောက် ပြောပြတော့သည်။ သူက ယန်ကျုံးဟွားနဲ့ ယိုမင်းတို့အကြောင်းပါ ထုတ်ပြောတာပင်။

လင်ရွှမ်းဇီက ဂရုတစိုက် နားထောင်နေရင်း ရံဖန်ရံခါ မျက်မှောင်ဖွဖွ ကြုတ်နေသည်။

ထိုအကြောင်းများကို ကြားပြီးနောက်မှာ လင်ရွှမ်းဇီက 《ယင်မီးတောက်လက်ဝါး》ကနေ 《မြောက်အောက်ကမ္ဘာရဲ့ ငရဲကြီးဆယ့်ရှစ်ထပ်》အဖြစ် ရုတ်တရက် ပြောင်းလဲသွားခြင်းအပေါ် အာရုံသိပ်မစိုက်ပဲ ယန်ထျန်းဟန်ကို ထိုကျင့်ကြံရေးနည်းလမ်း ပေးခဲ့သည့် တစ္စေမျက်နှာဖုံးနဲ့လူအား အတော်လေး စိတ်ဝင်စားမိသည်။

ယန်ထျန်းဟန်က စကားဆက်သည်။

"တကယ်တော့ ကျွန်တော်လည်း မောက်မောက်ပြောတဲ့ စကားအပေါ် သံသယတစ်ချို့ရှိတယ်"

လင်ရွှမ်းဇီက မေးလာ၏။

"ဘာကို သံသယဝင်နေလို့လဲ?"

ယန်ထျန်းဟန်က မျက်မှောင်ကြုတ်လေသည်။

"ကျွန်တော်ထင်တာ အဲ့ဒီ 《မြောက်အောက်ကမ္ဘာရဲ့ ငရဲကြီးဆယ့်ရှစ်ထပ်》က နတ်ဆိုးအသျှင်ယိုမင်းအတွက်ပဲ သီးသန့်ရှိနေတဲ့ ကျင့်ကြံခြင်းမျိုး မဖြစ်သင့်ဘူးလားလို့, တစ်ခြားနတ်ဆိုးအသျှင်တွေလည်း ဒီကျင့်ကြံရေး နည်းလမ်းမျိုးကို အသုံးပြုနိုင်တာပဲ"

လင်ရွှမ်းဇီက အနည်းငယ် တုံ့ဆိုင်းသွားကာ

"အဲ့ဒီ 《မြောက်အောက်ကမ္ဘာရဲ့ ငရဲကြီးဆယ့်ရှစ်ထပ်》က နတ်ဆိုးအသျှင်ယိုမင်းအတွက် တကယ့်ကို ထူးခြားတယ်"

ယန်ထျန်းဟန်က ထိတ်လန့်တကြားဖြင့် လင်ရွှမ်းဇီအား နားမလည်နိုင်စွာ စိုက်ကြည့်လာသည်။

"အကိုကြီးက ဘယ်လိုသိလဲ?"

လင်ရွှမ်းဇီက ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေသည်။

"အရင်တုန်းက ဦးလေးမိုဆီက ကြားခဲ့တာ"

ယန်ထျန်းဟန်က ခေါင်းညိတ်လေသည်။

"အဲ့ဒီတော့ အဲ့ဒီလိုပေါ့လေ, ကြည့်ရတာ မောက်မောက်က ကျွန်တော့်ကို မလှည့်စားဘူးပဲ"

ယန်ထျန်းဟန်က အထိတ်တလန့်ဖြင့် မေးလာတော့သည်။

"အကိုကြီး, အဲ့ဒီလိုဆိုရင်, ဒါဆို ကျွန်တော့်ကို 《မြောက်အောက်ကမ္ဘာရဲ့ ငရဲကြီးဆယ့်ရှစ်ထပ်》ကို လွှဲပေးခဲ့တဲ့ အဲ့ဒီ တစ္စေမျက်နှာဖုံးနဲ့လူက တကယ်ပဲ......"

ထိုစကားအရောက်မှာ သူရပ်သွားသည်။

လင်ရွှမ်းဇီက ခဏမျှ နှုတ်ဆိတ်သွားပြီးမှ

"အဲ့ဒါက ပြောဖို့တော့ခက်တယ်"

"ဒါပေမဲ့ အကိုကြီးပြောတော့ 《မြောက်အောက်ကမ္ဘာရဲ့ ငရဲကြီးဆယ့်ရှစ်ထပ်》က နတ်ဆိုးအသျှင်ယိုမင်းအတွက် ထူးခြားတယ်ဆို?"

လင်ရွှမ်းဇီက သူ့ကိုတစ်ချက် ကြည့်သည်။

"ဒါပေမဲ့ 《ရှေးဟောင်းစေတန်နတ်ဆိုးအက》နဲ့《အင်ပါယာအလောင်းနည်းပညာ》ကတော့ နတ်ဆိုးအသျှင်ယိုမင်းဟာ မဟုတ်ဘူး"

အကယ်၍ လင်ရွှမ်းဇီ မှတ်မိတာသာ မှန်မယ်ဆိုရင်《ရှေးဟောင်းစေတန်နတ်ဆိုးအက》နဲ့《အင်ပါယာအလောင်းနည်းပညာ》က နယ်မြေကြီးကိုးခုမှ တစ်ခြားနတ်ဆိုးအသျှင်နှစ်ပါးပိုင်တဲ့ လျှို့ဝှက်လက်ဆွဲစာအုပ် ဖြစ်လိမ့်မည်။ သို့သော်လည်း လင်ရွှမ်းဇီရဲ့ မှတ်ဉာဏ်များက သူ့အရင်ဘဝနဲ့ လက်ရှိဘဝကြားမှာ ကွာခြားမှု ရှိနေခဲ့တာပင်.။ အရင်တုန်းကတော့ မမှတ်မိခဲ့ပေမယ့် အခုချိန်မှသာ ထိုသိုင်းကျမ်းနာမည်များက အနည်းငယ် ရင်းနှီးနေတယ်လို့ ခံစားရတာဖြစ်သည်။

ဒါ့အပြင်《အင်ပါယာအလောင်းနည်းပညာ》က အနည်းငယ် ဆိုးဝါးသည့် လှည့်ကွက်မျိုးဖြစ်သည်။ နတ်ဆိုးအတတ်ကျင့်ကြံတဲ့ လမ်းကြောင်း ဆယ်ခုလောက်ကို ကြည့်လိုက်ရင် ထိုအင်ပါယာအလောင်းနည်းပညာက ခုနှစ်ခု ရှစ်ခုလောက်ထိ ပါဝင်နေတာကို တွေ့ရမှာဖြစ်သည်။ ဒါပေမဲ့လည်း ကျင့်ကြံခြင်းနည်းစနစ်၊ ကျင့်ကြံခြင်းနည်းလမ်းနဲ့ကျွမ်းကျင်မှုအပေါ် စွမ်းဆောင်ရည်များကတော့ များစွာကွာခြားမှုရှိတာပင်။

အကယ်၍ လင်ရွှမ်းဇီသာ ထိုနတ်ဆိုးအသျှင်က အင်ပါယာအလောင်းနည်းပညာကိုသုံးပြီး အလောင်းထိန်းချုပ်တာကို မမြင်ဖူးဘူးဆိုရင် ယန်ထျန်းဟန် သင်ယူခဲ့တဲ့ အင်ပါယာအလောင်းနည်းပညာက ထိုနတ်ဆိုးအသျှင်သုံးတာနဲ့ အတူတူပဲဖြစ်တယ်ဆိုတာကို သိမှာတောင် မဟုတ်ချေ။

အကယ်၍ အဲ့ဒီသိုင်းကျမ်းများက တစ်ခုတည်းဆိုရင်တော့ အဆင်ပြေသေးသည်။ သို့သော်လည်း တိုက်တိုက်ဆိုင်ဆိုင် ထိပ်တန်းနတ်ဆိုးအတတ် ကျင့်ကြံခြင်း နည်းလမ်းသုံးမျိုးလုံး ယန်ထျန်းဟန်ဆီ ရောက်လာသည်လေ။ အဲ့ဒါက လင်ရွှမ်းဇီအား ထို 'ကောင်းမွန်သည့်စေတနာရှင်'က ဘယ်သူလဲဆိုတာ ဆုံးဖြတ်ချင်စိတ်ဖြစ်သွားစေသည်။

ယန်ထျန်းဟန်ကတော့ အများကြီးမတွေးနေ။ လင်ရွှမ်းဇီက သူသိပြီးသားဖြစ်နေသည့် နတ်ဆိုးအသျှင်သုံးပါးရဲ့ လျှို့ဝှက်လက်ဆွဲစာအုပ် သုံးအုပ်ကို အခြေခံကာ ထိုခန့်မှန်းချက် လုပ်လာသည်ကိုလည်း သူမသိ။

ယန်ထျန်းဟန်က ခဏလောက် စဉ်းစားပြီးမှ ခေါင်းညိတ်သည်။

"အမှန်ပဲ, ကြည့်ရတာ အဲ့ဒီ တစ္စေမျက်နှာဖုံးနဲ့လူက အဲ့ဒါတွေကို လမ်းတစ်နေရာရာကနေ ကောက်လာတာဖြစ်လိမ့်မယ်, ကျွန်တော်က စေတန်နတ်ဆိုး ဆိုတာလည်း မြင်ရော ကျွန်တော်တို့ တွေ့ဆုံခွင့်ရခဲ့တာ ကံကြမ္မာပဲလို့ ခံစားရလို့ အဲ့ဒီလျှို့ဝှက်လက်ဆွဲတွေကို ပေးသွားတာပဲ ဖြစ်မယ်"

လင်ရွှမ်းဇီက ခပ်ဖျော့ဖျော့သာ မှတ်ချက်ချသည်။

"ဒါပေါ့လေ အဲ့ဒါက နတ်ဆိုးအသျှင်ယိုမင်းဆီက ရောက်လာတာလည်း ဖြစ်နိုင်တာပါပဲ"

ယန်ထျန်းဟန်က သူ့နှုတ်ခမ်းလေးကို ကောက်ကွေးလိုက်ကာ

"အကယ်၍ တကယ်ပဲ သူသာဆိုရင် ဘာလို့ အဲ့ဒါကို တိတ်တိတ်လေး ခိုးလုပ်နေရတာလဲ?"

လင်ရွှမ်းဇီက ခဏလောက် စဉ်းစားလိုက်သည်။

"ကြည့်ရတာ အကြောင်းပြချက်တစ်ချို့ကြောင့် သူ့အကြောင်းကို ဖုံးကွယ်ထားဖို့ လိုတာလည်း ဖြစ်နိုင်တာပဲလေ"

ယန်ထျန်းဟန်က သက်ပြင်းချလေသည်။

"အကယ်၍ တကယ်ပဲ သူသာဆိုရင် ကျွန်တော်တကယ်ပဲ သူနဲ့တွေ့ပြီး စကားတစ်ခွန်းနှစ်ခွန်းလောက်တော့ ပြောချင်မိတယ်, တကယ်တော့လည်းသူက ကျွန်တော့်အဖေအရင်းပဲလေ, သူဘယ်လိုလူမျိုးလဲ ဆိုတာ တကယ့်ကို သိချင်မိတာ, နှစ်တွေကြာလာတာနဲ့အမျှ သူကျွန်တော့်ကို လွမ်းဆွတ်ခဲ့ဖူးလား ဒါမှမဟုတ် ပြုစုပျိုးထောင်ဖို့ တခြားတစ်ယောက်ဆီ ထားခဲ့တာ နောင်တရဖူးလား?"

လင်ရွှမ်းဇီက သူ့လက်ကိုမြှောက်လိုက်ပြီး ယန်ထျန်းဟန်ရဲ့ ခေါင်းထိပ်လေးကို ပွတ်ပေးလိုက်သည်။

"အကယ်၍ သူနောင်တရတယ်ဆိုရင်တောင် အဓိပ္ပါယ် မရှိတော့ဘူး, တကယ်တော့ အဲဒီတုန်းက အခြေအနေက သူ့ကို ပြီးပြည့်စုံတဲ့ အဖြေတစ်ခု မပေးနိုင်ခဲ့ဘူးလေ, ဒါပေမဲ့လည်း နတ်ဆိုးအသျှင်ယိုမင်းက မင်းကို ငါတို့အဖေဆီ လက်လွှဲပေးမယ့် ဦးလေးမိုဆီ ပေးခဲ့တာတော့ တကယ်ဝမ်းသာမိတာ"

ယန်ထျန်းဟန်ရဲ့ စိတ်ဓာတ်ကျနေတဲ့ အမူအယာလေးက နောက်ဆုံးတော့ ပြောင်းလဲသွားပြီး ပြုံးရယ်လာတော့သည်။

"အမှန်ပဲ, အဲ့ဒီလိုသာ မဟုတ်ဘူးဆိုရင် ကျွန်တော်လည်း အဖေနဲ့ အကိုကြီးကို သိခဲ့မှာ မဟုတ်ဘူး"

ထိုစကားကို ပြောပြီးနောက် ယန်ထျန်းဟန်က သူ့နှုတ်ခမ်းလေးကို ကွေးလိုက်လေသည်။

"ဒါပေမဲ့ အရင်တုန်းက ကျွန်တော့်ကိုတွေ့ရင် အကိုကြီးက လစ်လျူရှုခဲ့တာ, အချိန်အများစုမှာလည်း အိမ်မှာရှိမနေခဲ့ဘူး, အကယ်၍ အကိုကြီးသာ လင်မိသားစုအိမ်ကို အပြင်းအထန်ဒဏ်ရာရပြီး ရောက်မလာခဲ့ရင် ရွေးချယ်စရာမရှိပဲ ကျွန်တော်နဲ့ နေ့ရောညပါ အတူတူ မနေခဲ့ရဘူးဆိုရင် အခုချိန်ထိ ကျွန်တော့ကို အာရုံသိပ်မစိုက်မှာပဲ စိုးမိတယ်"

လင်ရွှမ်းဇီရဲ့ နှလုံးသား နူးညံ့သွားရသည်။

"ဒါကြောင့် ကံဆိုးမှုဟာ ကံကောင်းခြင်းပေါ်မှာ မူတည်ပြီး ကံကောင်းခြင်းကတော့ ကံဆိုးခြင်းပေါ်မှာ မူတည်တယ်လို့ ပြောကြတာပေါ့။ ငါသာ အသုံးမကျတဲ့လူတစ်ယောက်အဖြစ်မပြောင်းလဲဘဲ ပြန်လည်သက်သာရာရဖို့အတွက် အိမ်မပြန်ရဘူးဆိုရင် အားဟန်က ငါ့အတွက် အားကိုးတကြီးနဲ့ မှီခိုလို့ရပြီး နှလုံးသားကို ထိမိစေမယ့်လူတစ်ယောက်ဆိုတာ သိခဲ့မှာမဟုတ်ဘူး"

ယန်ထျန်းဟန်က ရှက်ရွံ့နေဟန်ပေါ်ပြီး သူ့မျက်နှာပေါ်မှာ အပြုံးလေးတစ်ခု ရှိနေသော်လည်း သူ့ရဲ့ သွားဖြူဖြူလေးများအား ပြသကာ သူ့မျက်နှာအား အနည်းငယ်စောင်း၍ ဂုဏ်ယူဝံ့ကြွားစွာ ပြောလာသည်။

"သေချာတာပေါ့, ကျွန်တော်က အကိုကြီးထက် ငယ်ပေမယ့် အရမ်းမှီခိုအားကိုးလို့ရတာ!"

လင်ရွှမ်းဇီသည် ယန်ထျန်းဟန်၏ လွတ်လပ်ပေါ့ပါးသည့် အသွင်အပြင်လေးအား ကြည့်ကာ အတိတ်ကို မတွေးပဲ မနေနိုင်တော့ပေ။

အစပိုင်းမှာတုန်းက လင်ကျန်က ယန်ထျန်းဟန်အား အိမ်ကိုခေါ်လာပြီး သူ့ကို နီးနီးကပ်ကပ် စောင့်ရှောက်ပေးတဲ့အပြင် သွားလေရာကို ခေါ်သွားပေးခဲ့သည်။ ထိုအချိန်တုန်းက သူ့ရင်ထဲမှာ ယန်ထျန်းဟန်ကို အနည်းငယ် မနာလိုဖြစ်ခဲ့မိတာကြောင့် ယန်ထျန်းဟန်ကို ပြဿနာမရှာခဲ့ပေမယ့်လည်း နီးနီးကပ်ကပ်လည်း မနေခဲ့ခြင်းပင်။

ဒါ့အပြင် ယန်ထျန်းဟန်ရဲ့ မူလသည်လည်း မသိနိုင်ဖြစ်ခဲ့သည်။ သူပထမဆုံး ရောက်တုန်းကဆိုရင် သူ့နတ်ဆိုးချီကို ဖိနှိပ်ထားတဲ့ ယန်ထျန်းဟန်ရဲ့ ခန္တာကိုယ်ထဲက ဆေးလုံးနဲ့ စည်းတံဆိပ်က အပြည့်အဝ မဖွံ့ဖြိုးသေး။ ရလဒ်ကတော့ လင်ရွှမ်းဇီက ယန်ထျန်းဟန်နဲ့ နီးကပ်သွားတိုင်း အနည်းငယ် မသက်မသာ ခံစားရကာ ယခင်က သူနှင့် ရင်းနှီးရန် ပို၍ပင် ဝန်လေးသွားခဲ့သည်။

ဒါပေမဲ့ အချိန်တွေက မတူတော့သလို အရာအားလုံးလည်း ပြောင်းလဲသွားခဲ့ပြီ။

အဲ့ဒီအချိန်တုန်းက လင်ရွှမ်းဇီအနေနဲ့ ဒီရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ ကလေးလေးက သူ့နှလုံးသားရဲ့ ရတနာလေး ဖြစ်လာမယ်ဆိုတာကို စဉ်းစားမိမှာတောင်မဟုတ်ဘူး။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now