Chapter : 109 (ပ)

10.5K 1.2K 191
                                    

Unicode

လက်ထပ်ထိမ်းမြားခြင်း
________________

ဖြူစင်မွေ့သိမ်ခြင်း၊ အေးချမ်းခြင်း၊ မွေ့လျော်ဖွယ်ဖြစ်ခြင်း စသော ဂုဏ်ပုဒ်များနှင့်ပြည့်စုံသည့် အဖြူရောင်ပိုးထည်ထက်တွင် ခမ်းနားတင့်တယ်သော၊ မြင့်မြတ်သော ဂုဏ်အင်ရှိသည့် ရွှေချည်ကလေးများကို လှိုင်းတွန့်၍တစ်ဖုံ၊ ချည်မျှင်များလိမ်ပတ်၍တစ်လှည့်၊ အနားကွပ်သည်က တစ်မျိုးနှင့် လှပကြော့ရှင်းစွာ ချုပ်လုပ်ထားသည်။

အနှီ ရွှေချည်ရစ်နှောင်သော လက်ချိတ်လွန်းပြန် ဧကနံပေါ်မှာပင် အေးမြသော မြကျောက်ကလေးများကို နေရာတကျ နှောင်ဖွဲ့၍ထားသည်။ ထိုသို့ ရွှေနှင့်မြတို့အတွဲညီလေသော် ဆင်စွယ်ရောင်ပိုးထည်မှာ ရွှေ​၏ခမ်းနားခြင်း၊ မြ​၏အေးချမ်းခြင်းတိို့နှင့် အသရေတင့်စွာ လှပနေလေသည်။

​တော်ဝင်မျိုးနွယ်​၏ မင်္ဂလာအခမ်းအနားပေမို့ နန်းဆန်သည့် ရွှေကို အဆင်တန်ဆာအဖြစ် မပါမဖြစ်အသုံးပြုကြရမည်ဖြစ်သည်။ သို့ရာတွင် သတို့သားလေးမှာ ရွှေရတနာကို လက်ဝတ်လက်စားအဖြစ် မဝတ်ချင်။ သူ့ခင်ပွန်းလောင်း​၏ မျက်လုံးအရောင်ကိုမှ နှစ်သက်သည်ဟုဆိုကာ စိမ်းလဲ့သောမြကျောက်များကို နားတောင်းအဖြစ် ပန်ဆင်ထားလေသည်။

အင်္ကျီအပေါ်ကနေမူ ရွှေချည်မျှင်များဖြင့်ရက်လုပ်သော ပဝါပါးကို ခြုံလွှမ်းထားသည်။ ရွှေနှင့်မြကိုသာ အတွဲညီညီပေါင်းစပ်ထားသည့် ဝတ်စားဆင်ယင်မှုဟန်ဟာ သတို့သားလောင်း​၏ချောမောမှုနှင့်တွဲဖက်သော် ခန့်ညားတင့်တယ်မှုအသင်္ချေကို ဆောင်ကြဉ်းနေလေသည်။

သတို့သားဖြစ်သော ဥတ္တရနိုင်ငံ​၏အမတ်ယုဂန်နိုင်၊ တစ်နည်း မင်းသားအရုဏ​၏ကြင်ယာတော်လောင်းလျာက မှန်ရှေ့၌ သူ့ကိုယ်သူ ဘယ်ပြန်ညာပြန်ကြည့်နေသည်။

သျှောင်ကိုမြင့်မြင့်ထုံးပြီး ဆံမြိတ်ကွင်းချထားသောသူက ရွှေဆံထိုးကို ဆင်မြန်းထားရာ ဆံထိုး​၏ရွှေပန်းခက်သဏ္ဌာန်ခြူးနွယ်များက ဆံမြိတ်ကွင်းနှင့်အတူ တွဲရရွဲကျနေသည်။

နဂိုတည်းက အသားအရေကြည်လင်ချောမွတ်သူဖြစ်သောကြောင့် ဝင်းပနေသောမျက်နှာထက်တွင်
မျက်ခုံးမျက်ဖန်ကောင်းကောင်း၊ နှာတံစင်းစင်းက
ကြည့်ရှု၍ကောင်းသော်ငြား နဂိုပန်းနုသွေးသည့်နှုတ်ခမ်းကို ပြင်ပေးသည့်သူက ဘာစိတ်ကူးနှင့် ဆေးဆိုးပေးသွားသည်မသိ။ နှုတ်ခမ်းက သဘာဝမကျစွာနီရဲနေလေပြီ။

The Everlasting One (volume 2 + 3 )Where stories live. Discover now