ညနေပိုင်း ၃နာရီလောက်ဆိုညစျေးသည်တွေဆိုင်တွေစတင်ခင်းကျင်းနေကြပြီဖြစ်သည်။ နေကာအမိုးတွေတပ်ဆင်ရင်း၊ယာယီဆိုင်ခန်းလေးတွေမှာလမ်းတစ်ဖက်စီတွင်တန်းစီလို့။
ရှမ်းကျင်၏အဓိကစျေးသည်နေ့လယ်ဘက်တွေဆို၊အသား၊ငါး၊ဟင်းရွက်စတဲ့စျေးသည်တွေဖြင့်စည်ကားနေတတ်ကာ၊ညနေဘက်ဆိုလျင်တော့အစားအသောက်စျေးသည်တွေသာရှိတတ်သည်။
" ဆရာတို့နှစ်ယောက်မလာတာတောင်ကြာပြီနော် "
မကြာသေးခင်မှမိုးရွာလိုက်တာကြောင့်အအေးဆိုင်လေးမှာအရောင်းပါးရှာ၏။ ပခုံးပေါ်သဘက်အနွမ်းလေးတင်ရင်းဆိုင်ရှင်ဦးလေးကြီးမှာပြုံးရင်းဆိုလာလေသည်။
ဆိုင်လေးသည်သာမန်ဆိုင်လေးဖြစ်ကာ၊သိပ်လည်းမသားနားပါချေ။ကော်စားပွဲအပုလေးတွင်ခွေးခြေခုံအပုလေးတွေဖြင့်နှစ်စုံမျှလောက်သာရှိ၏။
ကျော်ဇေယံထွဋ်အမေ့အိမ်တွင်နေစဥ်ကအသွားအပြန်လမ်းသင့်တာကြောင့်နွေးနှင့်မကြာခဏဝင်သောက်တတ်သောဆိုင်လည်းဖြစ်ချေသည်။
" ကျွန်တော်တာဝန်နဲ့ခရီးထွက်နေရလို့။ နွေး တစ်ယောက်တည်းကျတော့လည်းစိတ်မချလို့လေ "
" ဆရာတို့ကဘာတော်တာလဲ ။ ညီအစ်ကိုလား ပြုံးလိုက်ရင်တော့ရုပ်ချင်းဆင်သလိုလိုပါပဲ "
ကျော်ဇေယံထွဋ် နောက်ဆုံးစကားကြောင့်ပြုံးလိုက်မိသည်။ ဆိုရိုးစကားတွေတောင်ရှိသည်မဟုတ်လား။ဝိဉာဉ်မိတ်ဖက်ဆိုတာ၊သွေးရင်းသားရင်းထက်ပင်ရုပ်ချင်းဆင်တူသည်တဲ့။
မိန်းမသားပီပီစပ်စုတတ်သောဆိုင်ရှင်အန်တီကြီးမှာလုပ်လက်စပင်ရပ်လို့ကျော်ဇေယံထွဋ်ထံမျှော်ကြည့်နေ၏။
" ကျွန်တော်တို့ပုံစံက ညီအစ်ကိုနဲ့တူလို့လား "
ဆိုင်ရှင်လင်မယားမှာဇဝေဇဝါဖြစ်လျက်ပင် ။
" မဟုတ်ဘူးလား ဆရာ "
" အားလုံးပါပဲ ။ ကျွန်တော်ကနွေးအတွက်၊အစ်ကိုရော၊အဖေရော၊ ပြီးတော့ ခင်ပွန်းရော ... "
နေသက်နွေးကတော့ခေါင်းလေးစောင်းကာလက်သည်းဆိတ်နေ၏။ ကျော်ဇေယံထွဋ်ဘယ်ဘက်လက်ဖြင့်ကောင်လေး၏ဆံပင်လေးတွေအားအသာယာဆွဲဖွလိုက်မိသည်။