အပိုင်း ၃၁၆ --- အပိုင်း ၃၁၇

534 56 0
                                    

အပိုင်း ၃၁၆ : အချိန်အနည်းငယ်လေး အတွင်းမှာ

လီကွေရင်နှင့် အခြားသူများက ပေးထားသော စိတ်ဝိညာဉ် သစ်သီးများနှင့် ပန်းပွင့်များကို၊ လက်ထဲတွင် တစ်ပုံကြီး ပွေ့ပိုက်ထားသော ရှောင်ပုတန်လေးအား ကြည့်လိုက်ကာ၊ ဇူရီသည် သူ၏ တောင့်တင်းနေသော ခန္ဓာကိုယ်အား အတန်ငယ် ဖြေလျှော့လိုက်၍၊ လေအေးတစ်သုတ်အား မှုတ်ထုတ်လိုက်သည်။ "ဆရာ၊ ဒီအသုံးအနှုန်းတွေကို ကျွန်တော်က သိပ်ပြီးတော့ နားမလည်ခဲ့ဘူး။ ဒါပေမဲ့…"

သူက ရှောင်ပုတန်လေးအား မျက်လုံးထောင့်ကပ်၍ တစ်ချက်ကြည့်လိုက်၏။ "ဒါပေမဲ့၊ ဂျူနီယာလေးကို ကြည့်ပြီးမှ၊ ကျွန်တော်က နည်းနည်း သဘောပေါက်လာပြီလို့ ထင်ပါတယ်"

လင်းဖုန်းသည် ပြုံးလိုက်ကာ ရှောင်ပုတန်လေးထံသို့ လျှောက်သွားခဲ့၍၊ သူ့အား သွားများပေါ်အောင် ပြုံးပြလိုက်၏။

ရှောင်ပုတန်လေးသည် လင်းဖုန်းအား တွေ့လိုက်သောအခါ၊ အလွန်ကို အပြစ်ကင်းစင်သော အပြုံးတစ်ခုကို ပြုံးပြခဲ့၍၊ သူ့အား စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။ "ဆရာခင်ဗျ၊ ကျွန်တော်က တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါပြီ!"

လင်းဖုန်းက ဖွဖွလေး ပြုံးလိုက်ကာ၊ မှော်စွမ်းအင်တို့ဖြင့် အသံပြန်လွှင့်လိုက်၏။ "ဟုတ်တယ်၊ ပြီးတော့ မင်းက တခြားအရာတွေကိုလည်း အမြတ်ထုတ်ခဲ့သေးတယ် မဟုတ်လား?"

ရှောင်ပုတန်လေးက ရယ်ရမ်းသွေးလိုက်သည်။ "ဒါက ကြိုတင်စီစဉ်ထားတာ မဟုတ်ပါဘူး။ လုံးဝကို ကြိုတင်စီစဉ်ထားတာ မဟုတ်ရပါဘူး။ ဒါက အခွင့်အရေးအလျှောက် အလိုလိုပေါ်လာတဲ့ ပျော်ရွှင်ဖွယ်ရာ အံ့အားသင့်မှု တစ်ခုပါ။ ဒီအစ်မကြီးတွေက ဒီလောက်အထိ ကြင်နာတတ်ကြလိမ့်မယ်လို့ ကျွန်တော်က လုံးဝ ထင်မထားခဲ့ဘူးဗျာ"

"ဟုန်ရန်ကသာ သူမကို လှည့်စားခဲ့တယ်လို့ သိသွားတဲ့ အခါ၊ မင်းက ဘာဖြစ်သွားမယ် ထင်သလဲ?" လင်းဖုန်းက ရှောင်ပုတန်လေးအား စနောက်သလိုနှင့် ကြည့်လိုက်သည်။

ရှောင်ပုတန်လေးက တံတွေးကို ဂလုကနဲ မျိုချလိုက်သည်။ "ဒါ.. ဒါပေမဲ့ ဆရာသခင်၊ ကျွန်တော့်ရဲ့ ဒဏ်ရာတွေက တကယ်ကို ပြင်းထန်တာပဲ။ ကျွန်တော်က တစ်စက်မှ ဟန်ဆောင်နေတာ မဟုတ်ပါဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now