အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉

413 43 1
                                    

စာစဥ် ၂၅ : အပိုင်း ၇

အပိုင်း ၄၅၇ : လှုပ်ရှားရန် အချိန်ကျပြီ

သတ္တုပြား အတွင်းမှ တွင်းနက်ကြီးသည် အလင်းတန်းများစွာတို့ကို ထုတ်လွှတ်အပြီးတွင် အရွယ်အစား သေးငယ်လာခဲ့သည်။ အစပိုင်းတွင် သေးငယ်သော အလင်းတန်း တစ်ခုအနေနှင့်သာ ရှိပြီး၊ ခရမ်းရောင်သို့ ပြောင်းသွားခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများသည် ပိုမိုတောက်ပလာခဲ့ကာ၊ ကြောက်မက်ဖွယ်ရာ စွမ်းအားများသည် ပို၍ပို၍ အားကောင်းလာခဲ့၏။

လှောင်အိမ်ကိုးခုအတွင်းတွင်၊ လုံရဲ့၊ ရှီကျုံးယွဲ့နှင့် အပေါင်းပါများသည် တဖြည်းဖြည်းနှင့်ပို၍ အခြေအနေ ဆိုးလာကြသည်။

ရှီကျုံးယွဲ့၊ ကွမ်းချုံ ဓားမာစတာနှင့် စီးရီးယပ် မဟာပဏ္ဍိတတို့သည် အလွန်အမင်း အားနည်းသည့်ပုံ ပေါက်လာကြ၏။ လုံရဲ့သည် မူလပုံသဏ္ဌာန်ဖြစ်သော အသိပညာ ကျောက်စိမ်းသစ်ပင် အဖြစ်သို့ ပြောင်းသွားကာ၊ ပါရမီ ဇန်မာစတာသည် သူ၏ ရွှေရောင်ပုံသဏ္ဌာန်အား မဖော်ဆောင်နိုင်တော့ပေ။ ကြယ်စင် သူတော်စင်သည် အဆိုးဆုံးဖြစ်ကာ၊ သေလုနီးပါးပင် ဖြစ်နေပေပြီ။

သူတို့သည် အလွန်အမင်း အားနည်းနေသော်လည်း၊ ထိုအကြောင်းအရာကို ကြိုသိထားပြီးသော လုံရဲ့နှင့် စီးရီးယပ် မဟာပဏ္ဍိတတို့အပြင်၊ ရှီကျုံးယွဲ့နှင့် ကျန်သောသူများသည် သတ္တုပြား၏ အလယ်ရှိ တွင်းနက်ကြီး အတွင်းမှ ထွက်ပေါ်လာသော ခရမ်းရောင် အလင်းတန်း၏ အရင်းအမြစ်အား သိနေကြသည်။

ထိုခရမ်းရောင် အလင်းတန်းသည် ပိုမိုအားကောင်းလာခဲ့ကာ၊ တိမ်တိုက်တောအုပ် ကမ္ဘာတစ်ခုလုံးအား တုန်ခါစေခဲ့သည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားများသည် ပျံ့နှံ့သွားခဲ့၍  စကြာဝဠာကြီးကို လှုပ်ခါစေခဲ့၏။

ကွမ်းချုံ ဓားမာစတာသည် ထိုခရမ်းရောင် အလင်းတန်းအား တုန်လှုပ်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။ "ဟေးဒီးစ် အမှောင်မန္တန်!"

စူတောင်ဓားဂိုဏ်းတွင် သူ၏ အဆင့်အတန်းမှာ အလွန်မြင့်မားပြီး၊ အသက်အရွယ် အနေနှင့်လည်း သူသည် နတ်ဘုရား နယ်မြေမှ အသက်အကြီးဆုံး ကျင့်ကြံသူများ အတွင်းတွင် ပါသည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက လူသားနှင့် မိစ္ဆာတို့၏ စစ်ပွဲအတွင်းတွင် ပါဝင်တိုက်ခိုက်ခဲ့ကာ၊ မဟာမိုးကြိုး ကျောင်းတော်မှ နောက်ဆုံးတိုက်ပွဲအား မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now