" မောနင်း ဆရာထွဋ် "
" Good Morning ပါဗျာ "
Night Duty အထွက်မို့အနည်းငယ်နွမ်းလျနေသော်လည်းနှုတ်ခမ်းထက်ဝယ်အပြုံးကရေးရေး ။
ဘေစင်တွင်တံတောင်မှစလို့လက်ဆေးချရင်းနံဘေးရောက်လာတဲ့သူရမှာမျက်စောင်းခဲလာ၏ ။
" ကိုထွဋ်ကတော့ပျော်နေတာများနဖူးမှာစာကပ်ထားသလိုပဲ.. "
" ဖြစ်နိုင်ရင် ကျောမှာပါကပ်ထားချင်တာ "
သူရကတော့လက်ဆေးဘေစင်အားနောက်ပြန်မှီရင်းလက်ပိုက်လို့ခေါင်းခါလေသည်။ ထို့နောက်လက်ပင်မြှောက်ပြလာသေး၏။
" ကောင်လေးအခြေနေကရော "
" သက်သာပါတယ် ။ ဆေးတွေလည်းလျှော့လိုက်ပြီ အရင် t.d.s on ထားတာတွေအခု b.d ဖြစ်သွားပြီ "
လက်မှရေစက်တွေအားခါချရင်းသဘက်ဖြင့်သုတ်ကာကိုယ်ပိုင်ဗီရိုတွင်အဝတ်အားပြန်လဲလိုက်သည်။ ရှမ်းကျင်နှင့်လက်ရှိနေအိမ်သည်ဝေး၏။ဆိုင်ကယ်အားအရှိန်တင်မောင်းလျင်တောင်မှတစ်နာရီနီးပါးကြာလေသည်။
ကျော်ဇေယံထွဋ် အတွက်ကဆိုင်ကယ်မောင်းခြင်းသည်နှစ်ချို့နေပြီမို့အခက်ခဲမရှိပါချေ ။ ဆိုင်ကယ်ထားသည့်နေရာသို့လျှောက်နေရင်းပင်ပုဆိုးနှင့်ခါးကြားထိုးထားသောဖုန်းအားဆွဲယူကာဖုန်းခေါ်ဆိုမှုနှိပ်ပြီးတာနှင့်နားနှင့်ပခုံးကြားဖုန်းအားညှပ်ကာဆိုင်ကယ်အားလှည့်လိုက်လေသည်။
" နွေး .. ကိုယ်ပြန်လာတော့မှာ ဘာစားချင်သေးလဲ "
ဆိုင်ကယ်အားခွလျက်နှင့်ပင်နားစွင့်ကာစက်မနှိုးမိသေး။ ပခုံးနှင့်ညှပ်ထားသည်ကိုဖယ်လို့လက်ဖြင့်ပြန်ကိုင်လိုက်ချေသည်။
နွေးသည်စဥ်းစားနေတာဖြစ်နိုင်သလို၊စကားပြောရန်တွန့်ဆုတ်နေခြင်းလည်းဖြစ်နိုင်၏။ စောင့်နိုင်သည် ။အချိန်တွေအကြာကြီးဆိုရင်တောင်မှ၊ခက်ခဲတယ်ဆိုရင်တောင်မှစောင့်နိုင်သည်။
" ကို... ကို... "
" အွန်း "
" မြန် .. မြန်..မြန် ပြန်ခဲ့.. ပြန်ခဲ့ပါ"