Chapter 156

19.5K 3K 114
                                    

Unicode

ကျန်းမော့ချန် : ကိုယ့်ကိုကြိုက်နေတဲ့လူရှိတယ်?
________________________________

ကျန်းမော့ချန်နဲ့ ယန်းချင်းချီပြန်ပေါ်လာမှ မော့ရှောင်းရှောင်း စိတ်အေးသွားသလိုမျိုး သက်ပြင်းဖွဖွချလိုက်မိသည်။ သူမ '' အစ်ကိုတို့ ဘယ်သွားနေကြတာလဲ '' ဟု မေးဖို့ကြံရုံရှိသေး ယန်းချင်းချီ လက်က ငါးကိုင်လာတာကိုတွေ့လိုက်ရလေသည်။

သူမ မျက်လုံးများပြူးကျယ်သွားကာ မယုံနိုင်သလိုမျိုး အံ့သြတကြီးမေးလာခဲ့သည်။

''အစ်ကိုတို့နှစ်ယောက် ငါးဖမ်းလာတယ်? ဒီနေရာမှာ တကယ်ကြီး ငါးတွေရှိနေတာလား ''

ယန်းချင်းချီ ခေါင်းငြိမ့်ပြကာ

''ဒါပေမဲ့ အများကြီးတော့မရှိဘူး အစ်ကိုတောင် တစ်ကောင်ပဲဖမ်းမိတာ ''

''တစ်ကောင်ထဲတောင် တော်တော်လေးအစွမ်းကြီးနေပါပြီ '' သူမ ယန်းချင်းချီလက်ထဲက ငါးကို သေချာစိုက်ကြည့်နေရင်း '' အစ်ကိုတို့မို့လို့တော်သေးတာပေါ့ ညီမတစ်ယောက်ထဲသာဆို ငါးတွေမြင်နေရပေမဲ့ ဘယ်လိုဖမ်းရမှန်းမသိလို့ မျက်စိရှေ့ အလိုလိုကျလာမှာကိုပဲ ထိုင်စောင့်နေရမဲ့အဖြစ် ''

ယန်းချင်းချီ ထိုစကားကြောင့်ပြုံးမိသွားသည်။ ထို့နောက် သူနဲ့ကျန်းမော့ချန် ငါးကင်လုပ်တော့မှာကိုသတိရသွားကာ ကျန်းနင်ဝေးနဲမော့ရှောင်းရှောင်းမှာ သူတို့လုပ်နေတာတွေကိုကြည့်ပြီး အချိန်ဖြုန်းတယ်လို့များမြင်နေမလားဟု တွေးရင်း အားနာသွားသည်။

သူ သူ့ရှေ့က ကောင်မလေးနှစ်ယောက်ကိုကြည့်ကာ သူကပဲဦးဆောင်ပြီးစပြောလိုက်သည်။

''အစ်ကိုနဲ့ချန်ကောနဲ့က ငါးကင်ဖို့လုပ်ကြဦးမှာ အဲ့ဒါကြောင့် အချိန်နည်းနည်းတော့ကြာနိုင်တယ် တကယ်လို့အလျင်လိုနေရင် မင်းတို့နှစ်ယောက်အရင်သွားလို့ရပါတယ် '' သူ သူ့ရှေ့ကတောင်တက်လမ်းကို လက်ညှိုးထိုးပြလိုက်ကာ '' ဒီလမ်းအတိုင်း တည့်တည့်သာဆက်သွား ''

မော့ရှောင်းရှောင်းခေါင်းခါပြသည်။ '' ညီမတို့အလျင်မလိုပါဘူး '' သူမလည်ဂုတ်ကိုအရှက်ပြေပွတ်ရင်း '' ညီမနဲ့ ဝေးဝေးက နိုင်ခြားသားတွေကိုဆွဲဆောင်ဖို့ဖွင့်ထားတဲ့ တောင်အချို့လောက်ပဲ ငယ်ငယ်ကတက်ခဲ့ဖူးတာ ဒီလိုတောင်မျိုး တစ်ခါမှမတက်ဖူးဘူး မြေပုံကြီးကိုင်ပြီးတက်ဖို့ဆိုတာကလည်း အပေါ်၊အောက်၊ရှေ့၊နောက်၊တောင်၊မြောက်နဲ့ ဘယ်၊ညာကလွဲပြီး လမ်းဘယ်လိုဖတ်ရမှန်းသိတာမဟုတ်ဘူး အစ်ကိုတို့အကူအညီကြောင့်သာ ညီမတို့နှစ်ယောက် ဒီအထိရောက်လာတာပါ အဲ့ဒါကြောင့် အလျင်မလိုပါဘူး ငါးကင်ရုံလေးပဲမဟုတ်ဘူးလား ညီမတို့စောင့်နိုင်ပါတယ် ပြီးတော့ အစ်ကိုတို့ဘယ်လိုကင်မလဲ ဘေးကနေစပ်စုချင်သေးတယ် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now