အခန်း ၅

5.8K 550 21
                                    

လေတဖြူးဖြူးတိုက်ခတ်နေတဲ့ ညချမ်းလေးတစ်ညမှာ နှစ်ပေါင်း ၁၀၀၀ နီးပါးရှိသော အဆောက်အဦးက သစ်သားဆွေးအဟောင်းတွေလို ထိလိုက်တာနဲ့ ပြိုကျသွားမယ့် ခံစားချက်တွေအား ရင်မှာထွေးပွေ့ထားတဲ့ မမမြိုင်သည် သီရိမြိုင်စံအိမ်ကြီးရှိ အပေါ်ထပ်ဝရံတာ၌ လှုပ်ထိုင်ခုံလေးနဲ့အတူတူ ကောင်းကင်က ကြယ်စင်လေးတွေကို ငေးကြည့်နေရှာတော့သည် ။

' အစ်ကိုက ညဘက်ကြယ်စင်တွေကို ကြည့်ရတာထက် နေ့ဘက်မြင်ရတဲ့ တိမ်စိုင်တွေကို ကြည့်ရတာကို ပိုကြိုက်တာ မြိုင်ရဲ့ ။ '

' ဟင့်အင်း ။ မြိုင်ကတော့ ကြယ်စင်တွေ ကြည့်ရတာပဲ ကြိုက်တယ် အစ်ကို ။ '

' ဘာလို့လဲ ။ '

တစ်ချိန်က သမီးရည်းစားဘဝရဲ့ ကိုမြင့်မောင် ပြောခဲ့တဲ့ စကားတွေကို မမမြိုင်မှာ တွေးကာဆွေးနေပြန်ပါတော့သည် ။ သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး ဟိုးကောင်းကင်ပေါ်က မှိတ်တုတ်မှိတ်တုတ် ကြယ်စင်တန်းတွေအား ငေးကြည့်ကာဖြင့် တီးတိုးစွာ ပြောလိုက်ပေတော့သည် ။

" ကြယ်တွေက ရှင့်လိုပဲ ကိုမြင့်မောင် ။ မှိတ်လိုက် လင်းလိုက် ၊ ချစ်လိုက် မချစ်လိုက် နဲ့ ။ တော်တော်တတ်နိုင်တာပဲ ။ "

မမမြိုင် ထိုသို့ပြောပြီး ကြယ်လေးတွေ ငေးကြည့်နေပြန်တော့သည် ။ မှောင်နက်နေတဲ့ ကောင်းကင်ကြီးမှာ အပြည့်မဟုတ်သော လမင်းကြီးနဲ့အတူ အလင်းပြိုင်နေကြတဲ့ ကြယ်စင်လေးတွေကို စိတ်ထဲမယ် တစ်လုံးချင်းရေတွက်နေမိပေသည် ။

သို့ပေတည်း ဘယ်တော့မှမမှန်သော ကြယ်အလုံးအရေအတွက်ကို မမမြိုင် စိတ်မရှည်ချင်တော့ပါ ။ ထိုကြောင့် သက်ပြင်းတစ်ချက် ထပ်ရှိုက်ပြန်တော့သည် ။

" ကြယ်တွေ ကြည့်ရတာထက် တိမ်တိုက်တွေကို ကြည့်ရတာ ပိုသဘောကျတယ် ။ "

ရုတ်တရက်ကြားလိုက်ရတဲ့ စကားကြောင့် မမမြိုင်ရင်ထဲ အတော့်ကိုလှိုက်သွားခဲ့ရသည် ။ အောင့်သက်သက် ခံစားချက်တွေကို အံတုပြီး အသံကြားရာဆီသို့ လှမ်းကြည့်မိတော့ သူမ ထိုင်နေသော လှုပ်ထိုင်ခုံ ဘေးအောက်က ပြင်ပေါ်မှာသာ ခြေခွေထိုင်နေသော ညိုလေးကို တွေ့လိုက်တော့သည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now