ဘခက်သည် မန္တလေးမြို့၏အစွန် ရန်ကင်းတောင်အခြေက ခြံဝန်းကျယ်ကျယ်၌ တပည့်လက်သား များစွာနှင့် နေထိုင်၏။ သူ၏ မိဘများ ကွယ်လွန်သွားသည်မှာ ကြာပြီဖြစ်ပြီး တစ်ဦးတည်း ကျန်ခဲ့ကာ မွေးမြူခြံလုပ်ငန်းဖြင့် အသက်မွေး၏။
စစ်စစ်တွင် ဘခက်မှာ ရန်ကုန်ကောလိပ်မှ ဘီအေတန်းအောင်ခဲ့သော ခေတ်သိပ္ပံဘွဲ့ရ ပညာတတ်တစ်ယောက် ဖြစ်သည်။ သို့သော်ငြားလည်း သူသည် အင်္ဂလိပ်လက်အောက်၌ အခစားရသော နယ်ပိုင်၊ မြို့ပိုင် လခစားအလုပ်ကိုမလုပ်။ မိဘများ၏ လက်ငုတ်ရင်း လုပ်ငန်း ကိုသာ ဆက်လက်လုပ်ကိုင်သည်။ ထိုနယ်တစ်ဝိုက်တွင် ဘခက်သည် အမည်နာမ တစ်လုံးနှင့် ကျော်ကြားသည်။ အကောင်းတော့ မဟုတ်ချေ။သူ၏ ရမ်းကားဆိုးတေသော အမှုများကြောင့် လူရမ်းကား၊ လူမိုက်အဖြစ် ကျော်ကြားခြင်း ဖြစ်သည်။
၎င်းကား အရပ်အမောင်းသည် ခြောက်ပေကျော်ကျော် မြင့်မားပြီး သာမန် မြန်မာ အမျိုးသားများထက် ခေါင်းတစ်လုံးသာသာ ရှိသည်။ ထွားကျိုင်းသော ကိုယ်ခန္ဓာနှင့် ညိုသော အသားအရေ ရှိသည်။ မျက်ဝန်းတစ်စုံသည် သိမ်းငှက်ပမာ စူးရဲပြီး မျက်ခုံးများကား နက်မှောင်သည်။ တစ်စုံတစ်ယောက် အလွယ်တကူ ပမာမခန့် မပြုရဲနိုင်လောက်သည့်အထိ ခက်ထန်သော အသွင်အပြင်ရှိသည်။
အထူးထူးသော ဒုစရိုက်တို့သည် ဘခက်၏ အစွဲအလမ်း၊ အလေ့အထုံဖြစ်၍ သူသည် မကောင်းမှုကို အလွန်နှစ်ခြိုက်သည်။ ရှူးဝါး (Sure) တွေ့လျှင် အချီကြီးအောကာ မြင်းပွဲ လောင်းသည်။ ဝစကီကောင်းကောင်းကို စျေးကြီးပေးမှာကာ ရေခဲစပ်၍ ပုလင်းအလဲချ တတ်သည်။ အမဲလိုက်ခြင်းကို အထူးခုံမင်ကာ အိမ်၌ သမင်ဦးချို၊ ဒရယ်ချို၊ ပြောင်ချို၊ ကျားသားရေများ အနှံ့အပြား ရှိ၏။
ထိုနယ်တလျား မိုက်သည်ဆိုသောကောင်သည် ဘခက်နှင့် ထိပ်တိုက်မတွေ့မရှိပေ။ အနိမ့်ဆုံး ထိပ်ပေါက်ခေါင်းကွဲမှ အမြင့်ဆုံး အသက်လုကာ ဆန့်ငင်ဆန့်ငင်ဖြစ်ရသည်အထိ ဘခက်က လက်ဆပြင်းသည်။ သူ,မလုပ်သည့် တစ်ခုတည်းသော မကောင်းမှုကား မိန်းမ,မလိုက်စားခြင်းသာရှိသည်။
အသက်ပင် နှစ်ဆယ့်ခုနှစ်ပြည့်လုလု။ မိုက်ကန်းသည်မှ လွဲ၍ ရုပ်ရည်၊ဥစ္စာ၊ပညာ အပြည့်အစုံ ဖြစ်သော်ငြား ယနေ့ထိ ဘခက်၌ လက်တွဲဖော် မရှိသေး။ စပ်ဟပ်ကြသူများ ရှိသော်လည်း ဘခက်ကား အနှီသမီးရှင်တို့ကို ဖုတ်လေတဲ့ငပိ ရှိသည်ဟုပင် မအောက်မေ့။ သို့နှင့် သူလည်း တစ်ကိုယ်တည်း ဖြစ်နေလေသည်။
YOU ARE READING
One Shots by Heather (Myanmar Colonial Era)
RomanceGenre- One Shots (Retro Theme) 1. ဘရှိန်ရဲ့မြိုင် 2. ဘခက်ရဲ့ချစ်ဒုက္ခ 3. ဟော်လိုးဝင်းဖူးစာ