part19(Unicode)

31.4K 2.6K 442
                                    

နူးညံ့တဲ့အထိအတွေ့၏ ဖျားယောင်ညှို့ငင်မှုတွေဆီမှာ သူလှိုက်ပါမျောနေမိတာ အချိန်တွေကုန်ဆုံးသွားမှန်းတောင် သတိမပြုမိလိုက်တော့ချေ။ဦးနှောက်ကငြင်းဆန်ချင်နေပေမဲ့ အလိုဆန္ဒတွေက ထိန်းချုပ်၍မရ။အဲ့ဒီအနမ်းတွေ အဲ့ဒီနှုတ်ခမ်းတွေဆီမှာ လူဟာထပ်ခါထပ်ခါ ပျော်ဝင်နေမိသည်။အထိအတွေ့မရှိခဲ့ဖူးတဲ့ လူပျိုရိုင်းလေးအတိုင်း မိန်းမောနေမိတာဟာလည်း ရှက်ဖွယ်ကောင်းလှသည်။

"အင်း...ဟင်း....."

စိတ်အစဥ်ဟာ လေဟာနယ်ထဲ လွင့်ချင်တိုင်းလွင့်နေပြီး နို့နှစ်ရောင်လည်တိုင်ကျော့ကျော့ဆီသို့ အမှတ်အသားပြုမိသည်။ထိုအခါ ရှင်းခန့်ဆီမှ တိုးညှင်းသောငြီးငြူသံလေးနှင့်အတူ ပူနွေးနူးညံ့သော လက်ဖဝါးတစ်စုံဟာ သူ့ရင်ဘတ်အစုံအားထိကပ်လာတာကြောင့် ဆိုင်းလော့ဒ် သတိဝင်လာရတော့သည်။

!ချီး!...သူဘာတွေလုပ်နေမိတာလဲ....!

သတိဝင်လာတာနှင့် မျောလွင့်နေတဲ့စိတ်တွေဟာ ရုတ်ချည်တင်းကျပ်ပူလောင်လာရသည်။ကိုယ့်ကိုယ်ကိုတောင် အံ့သြလွန်း၍ မယုံကြည်နိုင်သောစိတ်တို့ဖြင့် ဆံပင်မွှေးတွေပါ ထောင်ထလာသလို ခံစားလိုက်ရသည်။ရင်ဘတ်ထဲ ခေါင်းစဥ်တပ်မရတဲ့ ဒေါသစိတ်တွေ ထောင်းကနဲ ထလာရပြီး ရင်ခွင်ထဲရှိ ရှင်းခန့်၏ခန္ဓာကိုယ်အား အလန့်တကြားဖယ်ခွာမိသည်။ဆံပင်တွေ အနည်းငယ်ပွယောင်းနေပြီး မျက်နှာနီနီ ရီဝေစင်းကျနေသော မျက်ဝန်းတို့ဖြင့် ရှင်းခန့်ကတော့ သူဖယ်ခွာလိုက်သည့်အတိုင်း သူ့အားခပ်ငေးငေးသာကြည့်လို့နေသည်။လောလောလတ်လတ် စားသုံးခံထားရ၍ နီရဲအိထွေးကာ အနည်းငယ်ထူအမ်းချင်နေသော နှုတ်ခမ်းလွှာလေးဆီ အကြည့်ရောက်မိချိန်မှာတော့ သူ အာခေါင်တွေခြောက်လာရပြန်သည်။ထိုအရသာကို ထပ်မံ ဆာလောင်လာတဲ့ စိတ်ဆန္ဒတွေဟာ ရုန်းကြွလာသလို တစ်ပြိုင်နက်ထဲမှာ ရွံရှာကြောက်ရွံ့သောစိတ်တွေဟာလည်း တဖွားဖွားဖြစ်ပေါ်လို့လာ၏။

!သူ...ယောက်ျားတစ်ယောက်ကို...သူသိပ်ရွံရှာတဲ့ဖြစ်တည်မှုမျိုးနဲ့ ယောက်ျားတစ်ယောက်အပေါ်ကို....!

ခေါင်းထဲဝင်ရောက်လာတဲ့ အတွေးတွေကိုတောင် ပြီးဆုံးအောင် ဆက်မတွေးနိုင်တော့ပဲ သူကုတင်ပေါ်မှ အလန့်တကြားခုန်ထမိသည်။ပြီးတော့ အခန်းတံခါးအား အလျှင်စလိုဖွင့်ကာ ထိုလူ၏ ညှို့ငင်ဖျားယောင်းမှုစက်ကွင်းဆီမှ လွတ်မြောက်စေဖို့ ထွက်ပြေးမိတော့သည်။မိုတယ်အပြင်ဖက်ထိ စိတ်လွတ်စွာ ပြေးထွက်ခဲ့ရင်း အေးစက်သောမိုးရေများ၏ အထိအတွေ့ကြောင့် ဆောက်တည်ရာမရသော စိတ်တို့အတန်ငယ် ငြိမ်သက်လာရသလိုရှိ၏။

Wild  Rose(complete)Where stories live. Discover now