အခန်း ၁၃

4.9K 502 26
                                    

ထင်းရှူးပင်နှင့် အခြားသောသစ်ပင်ကြီးများ ဝန်းရံထားတဲ့ သီရိမြိုင်စံအိမ်တော်ကြီးရဲ့ ခြံဝန်းပြင်ကြီးထဲ၌ ညဘက်ကောင်းကင်ကြီးရဲ့ အလှတရားကို ငေးမော့ကြည့်ဖို့အတွက် ကုလားထိုင်ခုံလေးပေါ်မှာ ခြေတင်ကာ လှဲနေသည့် မမမြိုင်ဟာ တစ်ယောက်တည်း ထိုင်နေတော့သည် ။

မြူခိုးတွေဝေဆာနေတဲ့ မေမြို့ရဲ့ချမ်းအေးမှုဒါဏ်ကိုတောင် မေ့လျော့နေသည်အထိ မမမြိုင် ထိုင်ငေးနေတော့သည် ။ ပတ်ဝန်းကျင်မှာတော့ လေတဖြူးဖြူးတိုက်ခတ်သည့်အသံ ၊ ထင်းရှူးပင်ထက်က ငှက်ကလေးတွေ တစ်တွတ်တွတ်စကားပြောနေကြသည့်အသံ ၊ မြင်းဇောင်းက တစ်ချက်တစ်ချက် မြင်းဟီးသံကလွဲ၍ ဘာဆိုဘာအသံမှမကြားရဘဲ တိတ်ဆိတ်နေပါသည် ။

ခံနိုင်ရည်အားတွေ မဲ့နေခဲ့ပြီ ။ တွေတွေလေးသာ ဆွေးချင်ပြီ ။ ညဘက်ကောင်းကင်ကြီးမှာ မိုးသားတိမ်တိုက်ထုကြီးတွေ ကင်းစင်နေပေမယ့် တိမ်မျှင်လေးတွေမှာတော့ လွင့်ပျယ်နေခဲ့သည် ။

ဒီကမ္ဘာကြီးရဲ့နေရာလေးတစ်နေရာမှာ သူမ ဖြစ်တည်လာခဲ့တာကို အကြီးအကျယ်နောင်တရနေမိသည့်ဟန်ဖြင့် အသက်ပြင်းပြင်းရှူလို့ သက်ပြင်းချမိပါတော့သည် ။

" မမမြိုင် ။ "

မီးဖိုခွက်ကလေးကို ကိုင်လို့ မမမြိုင်အနားကို ညိုလေး ရောက်လာတော့သည် ။ လှည့်မကြည့်ပေမယ့်လည်း ညိုလေးမှန်း သိနေသည် ။ သိလည်းသိသင့်ပါသည် ။

အညိုရောင်ပုဝါလေးအား ခန္ဓာကိုယ်ပေါ်မှာ ပတ်လာတဲ့ ညိုလေးဟာ သစ်သားခုံပုလေးပေါ်မှာ ထိုင်လိုက်ပြီး မမမြိုင်ကို မော့ကြည့်လိုက်တော့ မမမြိုင်ဟာ ခေါင်းလေးကိုတစ်ဖက်လွှဲကာဖြင့် ကောင်းကင်ပေါ်က ကြယ်စင်တွေကိုသာ တစ်လုံးချင်း ရေတွက်နေပြန်တော့သည် ။

" မမမြိုင် ကျွန်မကို ။ "

" တို့ မင်းနဲ့စကားမပြောချင်ဘူး ။ ပိုဆိုးတာက ။ မင်းမျက်နှာကို တို့ မမြင်ချင်ဘူး ။ "

မမမြိုင် စကားမပြောချင်ပါဘူး ။ ပြောစရာလည်း မလိုပါဘူး ထင်ပါရဲ့ ။ ညိုလေးဟာ အသက်ပြင်းပြင်းရှူလိုက်လို့ သက်ပြင်းခိုးရှိုက်လိုက်သည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now