အခန်း◀၃၈▶

1.1K 165 42
                                    

အစိုးရိမ်ကြီးစိုးရိမ်ပူပန်ခဲ့ကြရပေမယ့် သူတို့နှစ်ဦးစလုံးပင် ထင်ရသလောက် ဒဏ်ရာမပြင်းထန်ခဲ့ကြပါ။ပြင်းပြင်းထန်ထန်စိတ်လှုပ်ရှားမှု ထိတ်လန့်တုန်လှုပ်မှုတို့ကြောင့်သာ သတိလစ်မေ့မျောသွားတာဖြစ်သော ချမ်းသည်လည်း ဆေးရုံရောက်ရောက်ချင်းပင် သတိပြန်ရလာပါသည်။

ချစ်သူနှစ်ဦးသည် တစ်ယောက်က လူနာကုတင်ပေါ် နောက်တစ်ယောက်က ကုတင်ဘေးလူမမာမေးလာသူတို့ထိုင်သည့် ခုံတန်းလျားရှည်ကလေးပေါ် မနီးမဝေးကလေးထိုင်ကြလျက် တစ်ယောက်ကိုတစ်ယောက် မျက်တောင်တစ်ချက်ခတ်လိုက်လျင်ပဲ ပျောက်ဆုံးသွားတော့မှာကို စိုးနေရသယောင် အငမ်းမရမွတ်မွတ်သိပ်သိပ်ပင် ငေးစိုက်ကြည့်နေမိကြလျက်သား။စကားတစ်ခွန်းမှမပြောဖြစ်ပဲ ငေးကြည့်နေရုံဖြင့်ဘာတစ်ခုမှမလိုအပ်တော့အောင် ပြည့်စုံလုံခြုံနေသလို မျက်ဝန်းတို့မှာနွေးထွေးကြည်နူးနှစ်သိမ့်လျက်သားပင်။

ဝေးကွာနေသောကာလအတွင်း ဘာတွေများပြောင်းလဲသွားသလဲဆိုတာ အသေးစိတ်စစ်ဆေးနေသကဲ့သို့ တစ်ယောက်ရဲ့ မျက်နှာပေါ်ကအစိတ်အပိုင်းတစ်ခုချင်းစီကို အသက်ပင်မရှုမိအောင် အမောတကော စေ့စေ့စပ်စပ်ရှာဖွေကြည့်ရှုနေမိကြကာ သတိလက်လွတ်ဖြင့်တမန် အတင်းအကျပ်ဆုပ်ကိုင်ထားသည့် ချမ်းရဲ့လက်ဖဝါးလေးတစ်ဖက်သည်လည်း နာကျင်လျက် သွေးမလျောက်တော့သဖြင့်ထုံ၍ပင်နေပြီ။ဒါပေမယ့် ကြည်ဖြူစွာပင်အပ်နှင်းလျက် ထိုလက်ကလေးကို ရုန်းမထွက်နိုင်ပါချေ။

ပုံမှန်အားဖြင့် ပြင်ပဆေးရုံဆေးခန်းတွေကလက်ခံမှာမဟုတ်သည့် ထိခိုက်မှုတွေဖြစ်တာကြောင့် တခြားနေရာကိုလည်းခေါ်မသွားရဲ။ဒီဆေးရုံကြီးကတော့ ဒေါ်မြသက်ထားရဲ့ မိသားစုဆရာဝန်ကြီးက ဆေးရုံအုပ်ချုပ်သူသဖွယ်ရာထူးနေရာယူထားသည့် ဆေးရုံကြီးမို့ ဒီကိုပဲစွတ်ရွတ်ခေါ်လာရကာ အမှုအခင်းအရှုပ်အထွေးမဖြစ်ပွားအောင် မနည်းလိုက်လုပ်နေရသည့် သိဒ္ဓိကလည်းဟိုပြေးဒီပြေးနဲ့အနားမှာမရှိပါ။

ဆေးထည့်ဆေးထိုးပြီး၍ ဆရာဝန် သူနာပြုများလည်းအနားမှာမရှိ တံခါးစေ့ပိတ်ရုံသာဖြစ်သောအခန်းငယ်ထဲ သူတို့နှစ်ယောက်သာလွတ်လပ်အေးချမ်းစွာရှိနေကြပါသည်။ချမ်းကလေးမှာ အမြင်အားဖြင့်တော့ ဒဏ်ရာမပြင်းထန်လှဘူးဆိုပေမယ့် ခေါင်းကလည်းဒဏ်ရာနဲ့ သတိလစ်သည်အထိဖြစ်ထားသဖြင့် ဓာတ်မှန်ရိုက်ဘာညာအစုံစစ်ဆေးကာ ဆေးရုံမှာနေရဦးမည်။သူကတော့ အပေါ်ယံဒဏ်ရာများသာဖြစ်သဖြင့် အချုပ်အလုပ်လောက်သာ.. သောက်ဆေးများယူကာ ဒီနေ့ပဲဆင်းလိုလျင်ဆင်းနိုင်ပြီ။

မနီးချင်...မဝေးချင်||completed||Where stories live. Discover now