၄၈

2.1K 377 2
                                    

အပိုင်း ၄၈

ယွမ့်ထန်းက ဘေးတွင်လှဲလျက်  လက်မောင်းများကို နှိပ်နယ်ကာ ပင်ပန်းနေကြသော လူအုပ်ကိုမြင်ချိန်တွင် သူတို့အတွက် ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် မီးဖိုခန်းအတွင်းရှိ ပါဝင်ပစ္စည်းများအားလုံးက ကုန်လုနီးပါးဖြစ်နေလေပြီ။ အချိန်အတန်ကြာ ရှာဖွေပြီးနောက်တွင် ကြက်တစ်ကောင်ကိုသာ ရှာတွေ့လိုက်သည်။ သို့ရာတွင် အာလူး၊ မုန်လာဥ၊ ကြက်သွန်နီနှင့်အခြားသောအရွက်များက ပမာဏများစွာရှိနေသေး၏။ အချိန်အတန်ကြာ တွေးတောပြီးနောက်တွင် ယွမ့်ထန်းက ကြက်သားအာလူး ထမင်းကိုသာ ထမင်းပေါင်းအိုးနှင့်ချက်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
ဒယ်ပြားကို အပူပေးပြီးနောက်တွင် ယွမ့်ထန်းက ကြိုတင်ပြင်ဆင်ထားသော ကြက်သားနှင့်ခုတ်သင်ထားသည့် ကြက်သွန်တို့ကိုထည့်ကာ ရောမွှေလိုက်သည်။ ကြက်သားက အရောင်ပြောင်းလာချိန်တွင် သူက ပဲငံပြာရည်၊ ဆားနှင့်သကြားကို ထည့်ကာ အရသာခတ်၏။ ဒယ်ပြားကို တစ်ဖက်ခြမ်းဖယ်ထားပြီးနောက်တွင် အာလူး၊ မုန်လာဥနီနှင့်ဆန်တို့ကို ရေဆေးသည်။ သူက ပါဝင်ပစ္စည်းများအားလုံးကို ရောနှောမွှေကာချက်၏။ မီးပိတ်လိုက်ပြီးနောက် အရာအားလုံးကို ထမင်းပေါင်းအိုးထဲသို့ လောင်းထည့်ကာ ချက်လိုက်သည်။
၁၅ မိနစ်ခန့်ကြာပြီးနောက်တွင် ကြက်သားအာလူးထမင်းက အဆင်သင့်ဖြစ်သွား သည်။ ထမင်းချက်ပြီးချိန်တွင် ယွမ့်ထန်းက ၁၀ မိနစ်ခန့်အထိ နှပ်ထားလိုက်သေး၏။ သို့မှသာလျှင် ကြက်သား၏ နူးညံ့မှုကို အာမခံနိုင်ပြီး ဆန်ကလည်း အရသာများကို စုပ်ယူနိုင်စွမ်းရှိပေလိမ့်မည်။
ဝမ်ကျွမ်းနှင့်အခြားသူများက စူးရှစွာကြည့်နေကြ၏။ ထမင်းပေါင်းအိုးကို ဖွင့်လိုက်သည်နှင့် သူတို့က သရေကျလာကြတော့သည်။ ထိုကြက်သားအာလူးထမင်း ရနံ့က အလွန်ကောင်းလွန်း၏။
ဝမ်ကျယ့်ယန်က ပန်းကန်လုံးယူကာ ထမင်းများခပ်ထည့်ရန်ပင် မစောင့်နိုင်တော့ချေ။ သူက နောက်ဆုံးတွင် ထမင်းအရသာကို မြည်းစမ်းကြည့်ပြီးသောအခါ ပျော်ရွှင်စွာဖြင့် မျက်လုံးကို မှိတ်လိုက်သည်။ ထမင်းပေါင်းအိုးထဲသို့ ကြက်သားကို ထည့်ချက်ထားသည့်အတွက် ထိုအသားက နူးညံ့ကာအရသာကလည်း အလွန်ရှိနေသည်။ ထမင်းကလည်း ကြက်သားနှင့်အရွက်များမှ အရသာများကို စုပ်ယူထားသည့်အတွက် အလွန်အရသာရှိနေပြန်၏။ စားနေရင်းနှင့်ပင် ဆက်တိုက်စားချင်စိတ်ကို ဖြစ်လာစေလေသည်။
ယွမ့်ထန်းက ကြက်သားအာလူးထမင်းမှ ဝေစုနှစ်ခုကို ခွဲလိုက်သည်။ တစ်ခုက သူ့အတွက်ဖြစ်ပြီး အခြားတစ်ခုက ဟော်ယွန်ချန်းအတွက်ဖြစ်သည်။ ထမင်းစားခန်းမအတွင်းတွင် ပြေးလွှားနေသော စီနီယာအရာရှိများမရှိကြပေ။ ထို့ကြောင့် ဟော်ယွန်ချန်းက မစားရလောကသေးချေ။ ထို့ကြောင့် သူက ဝမ်ကျွမ်းနှင့် အခြားလူများကိုသာ သူတို့၏အစားအသောက်များကို စားသောက်ပြီးနောက် နားနေခိုင်းလျက် သူကမူ ဟော်ယွန်ချန်း၏ရုံးခန်းအတွင်းသို့ ထမင်းဘူးများကိုကိုင်ကာ ထွက်သွားလိုက်သည်။
ယခုတလော ယွမ်ထန်းက အလွန်ကျော်ကြားနေသည်။ သူ၏အကြံပေးဟူသည့်အဆင့်အတန်းကို ဟော်ယွန်ချန်းက ထပ်ဖြည့်ပေးထားသည့်အခါ စစ်တပ်အဆောက်အဦအတွင်းတွင် ဆန္ဒရှိသလို သွားလာနိုင်စွမ်းရှိလာခဲ့၏။ အရာရှိများက သူ့ကို မှတ်မိကြသောအခါ ချက်ချင်းဆိုသလို နှုတ်ဆက်လာကြပြီး မှန်ကန်သည့်လမ်းကြောင်းကို ညွှန်ပြကြသည်။
သိပ်မကြာခင်မှာပင် ဟော်ယွန်ချန်း၏ရုံးခန်းအပြင်ဘက်သို့ ရောက်သွား၏။ သူက တံခါးကို နှစ်ချက်အသာခေါက်လိုက်ချိန်တွင် အထဲမှ နက်ရှိုင်းသော်လည်း တိုးလျနေသည့်လေသံက ထွက်လာ၏။
“ဝင်လာခဲ့ပါ”
ယွမ့်ထန်းက တံခါးကို ဖွင့်ပြီးဝင်သွားလိုက်သည်။ ဟော်ယွန်ချန်းက အလုပ်များနေသည့်အတွက် ခေါင်းမော့မကြည့်နိုင်ခဲ့ပေ။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဟော်ယွန်ချန်းက စတားနက်ဝေါ့ပေါ်မှ ကိစ္စများကို ယွမ့်ထန်းကို ကူညီရင်းဖြင့် အလုပ်များနေခဲ့သည်။ ထို့အပြင် သူကိုယ်တိုင်ကလည်း ကိုယ်ပိုင်ရုံးကိစ္စများ ရှိနေသေးသည့်အပြင် ထမင်းစားခန်းမတွင်လည်း ကူညီပေးရပြန်၏။ ထိုသို့ဖြင့် သူ့တွင် အလုပ်များပုံနေလေပြီ။ သူ နေ့လည်စာပင် အချိန်မှီ မနားနိုင်ခဲ့ပေ။ သူ၏ရုံးခန်းအတွင်းတွင်ပင် အချိန်ကုန်လုပ်နေခဲ့ရ၏။
ယွမ့်ထန်းကလည်း သူကသာ ထမင်းလာမပို့လျှင် ဟော်ယွန်ချန်းက အားဖြည့်ဆေးရည်များကိုသာ သောက်တော့မည်ဖြစ်ကြောင်း သိနေခဲ့သည်။ ဟော်ယွန်ချန်းက လီခိုင်နှင့်အခြားသူများကဲ့သို့ လက်အောက်ငယ်သားများ တင်ပြရန်ရောက်လာခဲ့သည်ဟု ထင်လိုက်သည်။ သို့သော် အချိန်အတန်ကြာသည်အထိ မည်သည့်တုန့်ပြန်မှုမှ မရှိသောအခါ မျက်မှောင်ကြုတ်ပြီး ခေါင်းမော့ကြည့်လိုက်သည်။ မမျှော်လင့်ထားစွာပင် ယွမ့်ထန်းက သူ့ကိုစိုက်ကြည့်နေကြောင်းမြင်လိုက်ရ၏။
“ယွမ့်ထန်း ဘာလို့ ဒီနေရာကိုရောက်လာတာလဲ၊ ထမင်းစားခန်းမှာ တစ်ခုခုဖြစ်လို့လား”
“ကျွန်တော်တို့အားလုံးက ထမင်းစားခန်းမက ကိစ္စတွေအားလုံးပြီးသွားပြီ၊ အခုက ကျွန်တော် ချန်းကောအတွက် ထမင်းလာပို့တာပါ”
သူက ထမင်းဘူးကို ထုတ်လိုက်ပြီး စားပွဲပေါ်သို့တင်လိုက်သည်။ သူက ထမင်းဘူးနှစ်ဘူးလုံးကို ဖွင့်လိုက်ကာပြော၏။
“ဘာလို့ ခဏလောက်နားပြီး အတူမစားတာလဲ”
“ကောင်းပြီ”
ယွမ့်ထန်းကလည်း ထမင်း၏မွေးရနံ့ကိုရကတည်းက ဆာလောင်လာသလို ခံစားလိုက်ရသည်။ သူက ပြောသည်။
“မွှေးလိုက်တာ”
သူက စားပွဲပေါ်တွင် ဖိုင်များကိုစီကာ ဘေးတစ်ဖက်သို့ ပို့လိုက်ပြီးနောက် ယွမ့်ထန်း၏အရှေ့တွင် လာထိုင်ကာစားသည်။
နှစ်ယောက်လုံးက စားသောက်ရင်း စကားပြောနေကြ၏။ ယွမ့်ထန်းက သူ့ကို ကန်တင်းအတွက် အစီအစဉ်များအကြောင်းကို ပြောပြသည်။ သူက ဉာဏ်ရည်မြင့်စက်ရုပ်များဖြင့် ချက်ပြုတ်ချင်ကြောင်းပြောသောအခါ ဟော်ယွန်ချန်းက သဘောတူလိုက်၏။
“ဉာဏ်ရည်မြင့်စက်ရုပ်တွေ မလုံလောက်လို့လား၊ မဟုတ်ရင် ကို နောက်ထပ်တစ်သုတ် ထပ်မှာလိုက်လို့ရတယ်”
“အင်း အရေအတွက် တစ်ရာကျော်လောက်ကတော့ လုံလောက်လောက်ပါတယ်၊ ဒါပေမယ့် ပန်းကန်အရေအတွက်တွေ၊ ဗန်းအရေအတွက်တွေနဲ့ ပန်းကန်လုံး အရေအတွက်တွေလည်း တိုးမြှင့်ဖို့လိုအပ်တယ်”
ထမင်းစားခန်းမကို တရားဝင်ဖွင့်လိုက်လျှင် ရောက်လာမည့်အရေအတွက်ကို တွေးကြည့်ပြီးနောက်တွင် ယွမ့်ထန်းက လုပ်သားအင်အားများစွာ လိုအပ်ကြောင်း တွေးလိုက်မိပြန်သည်။
“ပြဿနာမရှိဘူး”
ဟော်ယွန်ချန်းက ကတိပေးသည်။
“အာ ဒါနဲ့”
“ဟင်”
“ဟော့ပေါ့ … မင်း ပြောတဲ့ဟော့ပေါ့ကို ဘယ်တော့လုပ်မှာလဲ”
“ဖူး”
ယွမ့်ထန်းက ခပ်တိုးတိုးရယ်သည်။ သူက သိပ်မကြာခင်ကမှ ဟော့ပေါ့အကြောင်းကို ရည်ညွှန်းခဲ့သော်လည်း မမျှော်လင့်ထားစွာပင် ထိုအချက်  ဟော်ယွန်ချန်း၏စိတ်ထဲ ကြီးစိုးနေခဲ့သည်။
“ချန်းကောစားချင်ရင် ဒီညပဲ လုပ်လိုက်လို့ရတယ်၊ ဒီည အားတယ်မဟုတ်လား”
တစ်ဖက်က ထိုသို့ပြောလာသည့်အခါ ဟော်ယွန်ချန်း၏မျက်နှာက ချက်ချင်းဆိုသလို တောက်ပသွား၏။
“အင်း ဒါပေမယ့် ကို အလုပ်ဆင်းဖို့အချိန်တော့ကြာအုံးမယ်”
“ကိစ္စမရှိပါဘူး၊ ချန်းကောက အလုပ်လုပ်နေတဲ့အချိန်မှာ ကျွန်တော်က ဒီမှာစောင့်နေလိုက်မယ်”
ယွမ့်ထန်းက ထမင်းဘူးများသယ်သည်။
“ကျွန်တော် အစ်ကိုကြီးဟော်ကို ဖုန်းခေါ်ရအုံးမယ်”
“ဘာလို့ ကိုတို့နှစ်ယောက်ပဲ …”
ဟော်ယွန်ချန်းက စကားကိုရပ်သည်။ သူက မတ်တပ်ထရပ်ပြီး ခြေနှစ်လှမ်းခန့် ရှေ့တိုးကာ စာအုပ်စင်ထဲမှ စစ်ပွဲဆိုသည့်စာအုပ်ကိုထုတ်သည်။ ထို့နောက် ယွမ့်ထန်းကိုပေးကာ ရှက်ရွံ့စွာပြောလိုက်၏။
“ကို့ဆီမှာ အပန်းဖြေဖို့စာအုပ်တွေ မရှိဘူး ဖြစ်နေတယ်၊ ဒါကတော့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်၊ မင်း ပျင်းရင်ဖတ်ကြည့်ပါလား”
ယွမ့်ထန်းက စာအုပ်ကိုယူကာပြောသည်။
“ကောင်းပါပြီ”
ဟော်ယွန်ချန်းက သူ၏အလုပ်စားပွဲသို့ ပြန်သွားကြောင်းမြင်သောအခါ သူကလည်း စာအုပ်ကို ပြန်ကြည့်လိုက်သည်။ စာအုပ်က အုတ်ခဲတစ်ခုစာထူသည်။ သူက အဖုံးကိုလှန်ပြီးနောက်တွင် ဖော်ပြထားသော ပါဝင်သည့်အကြောင်းအရာများ၏ အမည်စာရင်းများကို ဦးစွာကြည့်လိုက်၏။ ဟော်ယွန်ချန်း၏နာမည်ကလည်း အကြံပေးများနေရာတွင် ပါနေသည်။
“စကြာဝဠာတစ်ခုနဲ့တစ်ခုကြားက စစ်ပွဲသမိုင်းတဲ့လား”
ဒါက အာကာသပြင်က ထွက်ခွာလာပြီးနောက်တွင် သည်အင်ပါယာခေတ်မှ လူများကြုံတွေ့ရသည့် သမိုင်းကြောင်းကို ဖော်ပြထားခြင်းဖြစ်သည်။ သူတို့က ရန်လိုသောအင်အားစုများကို မည်သို့ရင်ဆိုင်ခဲ့ရကြောင်း၊ အချင်းချင်းပုန်ကန်မှုများကို မည်သို့ဖြေရှင်းခဲ့ရကြောင်း ဖော်ပြထားသည်။ ရေးထားသောဘာသာစကားကလည်း ချောမွေ့လေပြီး ဖတ်ရလည်းကောင်းသည်။ ပုံပြင်တစ်ပုဒ်ကဲ့သို့ ရေးသားထားပြီး ပုံများကိုပင်တွဲ၍ ဖော်ပြထားသည့်အတွက် ဖတ်ရမခက်ခဲချေ။
တိုက်ပွဲတစ်ခုအကြောင်းများကို ဖော်ပြထားပြီးကျော်ကြားသော ဗိုလ်ချုပ်များအကြောင်းကိုလည်း ဖော်ပြထားသည်။ နောက်ဆုံးအပိုဒ်ဆိုလျှင် မျက်မှောက်ခေတ်တိုက်ပွဲများအထိ ပါလာခဲ့သေး၏။ ဟော်ယွန်ချန်း၏နာမည်ကလည်း မကြာခဏတွေ့လာရလေသည်။ သူ၏အမိန့်ပေးဟန်ဖြစ်စေ၊ သူ၏အမိန့်ပေးပုံဖြစ်စေ၊ သူ၏အမျိုးမျိုးသော တိုက်ပွဲများအကြောင်း ရှင်းပြဟန်ပင်ဖြစ်စေ အားလုံးက လက်ရှိမြင်နေရသောသူနှင့် အလွန်ကွာခြား၏။ သူက အလွန်ထူးချွန်ကာအေးစက်ပြီး စိတ်အတွင်းတွင်မူ အလွန်စိတ်အားထက်သန်ကာ ချစ်စရာကောင်းသောသူဖြစ်ကြောင်း ယွမ့်ထန်းကလည်းသိသည်။ စာအုပ်ထဲတွင်ပါသော ဟော်ယွန်ချန်းမကူ ဉာဏ်ကောင်းလွန်းပြီး အားအင်အပြည့်ဖြင့်ရှိ၏။ ချဉ်းကပ်ရန်ပင် မရဲလောက်အောင် ကြောက်မက်ဖွယ်ကောင်းပြီး စစ်နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်သည်။ အရေအတွက် မည်မျှပင်များစေကာမူ သူက အနိုင်ယူနိုင်စွမ်းရှိ၏။ သူ၏ စစ်သမိုင်းမှတ်တမ်းအားလုံးတွင် တိုက်ပွဲတစ်ခုမှ ရှုံးခဲ့ဖူးခြင်းမရှိပေ။ ထို့ကြောင့် သူက မည်မျှလုပ်နိုင်စွမ်းအားရှိပြီး အင်အားကြီးသန်မာသောလူဖြစ်ကြောင်း သိသာနေ၏။ ယွမ့်ထန်းက မည်သည့်အတွက်ကြောင့် အင်ပါယာတွင် သူ၏ပရိတ်သတ်များ များနေကြောင်း နားလည်သွားသည်။ သူက စကားပြောရခြင်းကို မနှစ်သက်သော်လည်း သူ၏ငယ်ရွယ်ကာ ခန့်ညားချောမောသော မာရှယ်ဟူသည့်ဂုဏ်ပုဒ်အပြင် တိုက်ပွဲရာကျော်ကို တိုက်ခိုက်ခဲ့ကာ ဆက်တိုက်အနိုင်ရရှိခဲ့ခြင်းကပင် သူ၏သွေးပူသော လူငယ်သဘာဝကို မီးမောင်းထိုးပြသလိုဖြစ်နေခဲ့၏။ စာအုပ်မှ ဖော်ပြချက်ကိုဖတ်ရုံနှင့်ပင် ယွမ့်ထန်းက စိတ်လှုပ်ရှားလာလေသည်။ သူ မနေနိုင်ဘဲ ဟော်ယွန်ချန်းကိုမော့ကြည့်ကာ သုံးသပ်နေမိ၏။ ဟော်ယွန်ချန်းက လက်ထဲတွင် လျှပ်စစ်ဖိုင်များကိုကိုင်နေသည်။ အားလုံးက အဆင့်မြင့်မားလှသော ရုပ်ဝတ္ထုပစ္စည်းများဖြင့် လုပ်ထားခဲ့ခြင်းဖြစ်၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ဒါက ပလပ်စတစ်စာရွက်များနှင့်တူသည်။ သို့သော် လက်ထဲတွင်ကိုင်လိုက်သည့်အခါ သူ၏နောက်ခံကိုအတည်ပြုပြီးမှသာလျှင် အတွင်းမှ အချက်အလက်များကို ဖတ်ရှုနိုင်မည်ဖြစ်၏။ ထိုမျှအထိ အဆင့်မြင့်သည်။
သူက အတွေးနက်သောကြောင့် ဟော်ယွန်ချန်း၏မျက်မှောင်က ကျုံ့သထက်ကျုံ့လာသည်။ သူ၏အနက်ရောင်မျက်မှောင်များက အောက်ဖက်ရှိ မျက်လုံးကို ဖိအားပေးလာခဲ့ပြီး သူ၏မျက်ဝန်းက အလွန်ထက်ရှကာ တစ်နေရာတည်းကို အာရုံစူးစိုက်မှုရှိသွား၏။ သူ၏ ကောင်းမွန်ကာ သပ်ရပ်လွန်းသည့်လက်များက စာသားများကို ဆက်တိုက်လှန်လှောနေခဲ့သည်။ ထိုသို့ဖြင့် သူ၏စားပွဲပေါ်မှ ဖိုင်များက လျော့သထက်လျော့လာခဲ့သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now