၅၀

2.2K 373 1
                                    

"ဟော့ပေါ့လုပ်ဖို့အတွက် ပထမဦးဆုံး လုပ်ရမယ့်အရာကဟင်းချိုကို အရင်ပြင်ဆင်တာပါပဲ၊ အရသာရှိတဲ့ဟင်းချိုက ဟော့ပေါ့တစ်ခုလုံးရဲ့ အသက်ပါပဲ၊ ယေဘူယျကျကျပြောရမယ်ဆိုရင် သည်ဟင်းချိုက ပိုပြီးအရသာ ရှိနေဖို့အတွက် ကိုတို့က ငါးနာရီလောက်အထိ ဆူပွက်အောင်ပြုတ်ထားသင့်တယ်၊ ဒါပေမယ့် အခု လတ်တလောအခြေအနေအရ ကိုက ကြိုတင်လည်းပြင်ဆင်နိုင်ခဲ့တာမျိုးမရှိတော့ အလျင်အမြန် ပဲပြုတ်လိုက်ရတော့မယ်၊ ဘာမှ မစိုးရိမ်ပါနဲ့ အရသာက ကောင်းနေအုံးမှာပါ"
သူက လေးထောင့်ရှည်အရိုးများကို ထုတ်ကာ မီးဖိုချောင်သုံးဓါးဖြင့် လှီးဖြတ်လိုက်ပြီး စွပ်ပြုတ်အိုးထဲသို့ထည့်၏။ ထို့နောက်ပါးပါးလှီးထားသော ဂျင်း၊ ကြက်သွန်ဖြူတို့ကိုထည့်ကာ အပူချိန်မြင့်မြင့်ဖြင့် ပွက်ပွက်ဆူအောင်တင်ထားလိုက်၏။ အပေါ်တွင် ပေါလောပေါ်လာသော အမြှုပ်များကိုဖယ်ပြီးနောက်တွင် အပူချိန်ကို နှေးချလိုက်ကာ တဖြည်းဖြည်းချင်းသာ ဆူပွက်စေလိုက်သည်။
"ဟင်းချိုရည်အပြင် ဟော့ပေါ့မှာပါဝင်ပစ္စည်းအမျိုးမျိုးလိုအပ်တယ်"
ထို့နောက် သူက နောက်ပိုင်းတွင် ချက်ပြုတ်မည့် ဟော့ပေါ့အတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်လိုက်သည်။
ပထမဦးဆုံးပြင်ဆင်ရမည်က အသားဖြစ်သည်။ သိုး၊ အမဲသားနှင့်ဝက်သားများက ရှော့ပင်းဆိုင်တွင် ဝယ်ယူရရှိနိုင်သည်။ သိုးသားအတွက်မူကား သူက ခြေထောက်သားကို ရွေးထားသည်။ ထိုနေရာက အသားများ၏။ သူက ခြေထောက်မှ အသားများကို ပါးပါးလှီးပြီး ဆလင်ဒါထဲသို့ ထည့်ရန်အတွက် ပလပ်စတစ်ဖြင့်ပတ်လိုက်သည်။ ထို့နောက် အအေးခံထားရန် အခန်းထဲသို့ထည့်ထားလိုက်၏။ ထို့နောက် တစ်ဖန်ပြန်ထုတ်ကာ ခပ်ပါးပါးလှီးသည်။ သည်နည်းအားဖြင့် သူ ယခင်ဘဝက စားနေကြပုံစံအတိုင်း ဟော့ပေါ့စားရာတွင် အဆင်သင့်ထည့်ရန်အတွက် အသားအတွက် ပြင်ဆင်မှုက ပြီးသွားပြီဖြစ်သည်။ အမဲသားကိုလည်း အလားတူပြင်ဆင်သည်။ ဝက်သားပြားများအတွက်မူကား အသားများသော ဝမ်းဗိုက်သားကိုရွေး၏။
နောက်တစ်ဆင့်က အရွက်များဖြစ်သည်။ သူက အားလူး၊ တရုတ်ဂေါ်ဖီထုပ်၊ ဟင်းနုနွယ်ရွက်၊ မုန်လာဥဖြူ၊ သခွားသီး၊ ဘူးသီး၊ ပြောင်းဖူးနှင့် အခြားသောပါဝင်ပစ္စည်းများစွာကို ဝယ်ထား၏။ အားလုံးကို ရေဆေးပြီးနောက်တွင် လှီးခြင်း၊ ဖြတ်ခြင်း ကဏ္ဍအလိုက်လုပ်သည်။ အားလုံးကို ပန်းကန်ပြားတစ်ချပ်ပေါ် နောက်ပိုင်းအသုံးပြုရန် သေသပ်စွာထည့်ထားလိုက်သည်။
ပဲနှင့်ပတ်သက်သောထုတ်ကုန်များအားလုံးက ဟော်ယွန်ရီပါခဲ့သဖြင့် အသင့်ရှိနေသည်။ ထိုတွင် တို့ဖူးပျော့၊ တို့ဖူးမာ အားလုံးကလည်း သည်နေရာတွင် အသင့်ရှိနေ၏။
လက်ရှိလောကတွင် ပင်လယ်စာအနည်းငယ်ကိုသာ ရရှိနိုင်သေးသော်လည်း ယွမ့်ထန်းအနေဖြင့်အရသာ ရှိသော ဟင်းလျာများကို ပြင်ဆင်ရာတွင် တားဆီးနိုင်စွမ်းမရှိချေ။ ပုစွန်ကို ပုစွန်လုံးများ လုပ်နိုင်ပြီး ငါးကိုလည်း ငါးအသားလုံးများ၊ ငါးလွှာများ လုပ်နိုင်သေး၏။ ထို့အပြင် ကြက်ဥအစာသွပ်သည့်အသားလုံးများလည်း လုပ်နိုင်သေးလေသည်။ ထိုသို့ဖြင့် ထိုပစ္စည်းများအားလုံးက ကျော်ကြားသော လူကြိုက်များသည့် ဟော့ပေါ့ဟင်းလျာများဖြစ်လာသည်။
ထို့အပြင် သုံးနေကျ ပါဝင်ပစ္စည်းများဖြစ်သည့် ကြက်တောင်ပံ၊ ကြက်အသည်း၊ ဘဲသွေး၊ ဘဲအသည်း၊ ဘဲခြေထောက် စသည်ဖြင့် အခြားပါဝင်ပစ္စည်းများစွာလည်း ရှိနေသေးသည်။ အားလုံးက အလွန်အရသာ ရှိနေမည်မှန်း သေချာနေ၏။ အံ့ဩစရာကောင်းသည်မှာ မှိုမရှိချေ။ ထို့ကြောင့် ယွမ့်ထန်းအနေဖြင့် အလားတူ အပင်တစ်ခုကို အသုံးပြုလိုက်ရ၏။
အရွက်များထည့်ထားသော ပန်းကန်များအားလုံးကိုလည်း ကောင်တာပေါ်တွင် အဆင်သင့်ပြင်ထားပြီးဖြစ်သည်။ ထို့ကြောင့် နေရာတစ်ခုလုံးက ပြည့်သွားလုမတတ် ဖြစ်သွား၏။ ကြည့်ရှုနေသူများအားလုံးက သည်အခြေအနေကိုမြင်ပြီး ကြောင်အနေကြသည်။
[ဟော့ပေါ့ဆိုတာ ဒါလား၊ ဘာလို့ ပါဝင်ပစ္စည်းတွေ အရမ်းများနေသလိုပဲ၊ ရှော့ပင်းဆိုက်တစ်ခုလုံးကိုများ အပြောင်ရှင်းတော့မလို့လား]
[မင်းကသာ ခွေး .. တင်ဆက်သူရေ တင်ဆက်သူ အများကြီးလုပ်ထားတယ်နော်၊ အားလုံးကို ကုန်ပါ့မလား]
[တရှဲ့ .. သူ အားလုံးကို မဲနှိုက်ပေးမှာထင်တယ်၊ သူ ဘယ်လိုပို့မလဲဆိုတာ မသိပေါ့လေ]
ယွမ့်ထန်းက ထိုမေးခွန်းကိုမြင်သောအခါ မနေနိုင်ဘဲ ရယ်လိုက်သည်။
"ဒီလောက်အများကြီး ကိုယ်က ဘယ်လိုကုန်မှာလဲ၊ တကယ်တော့ ကိုယ်က မိတ်ဆွေနှစ်ယောက်ကို အတူစားဖို့ခေါ်ထားတယ်၊ ဒါကြောင့် ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုပုံစံကို ပြောင်းလိုက်ရတာပါပဲ"
[ဆာကူရာနတ်သမီး .. ဟူး ဟူး ဟူး ဘယ်သူကများ ဒီလောက်အထိ ကံကောင်းတာလဲ၊ ငါလည်း တင်ဆက်သူနဲ့ မိတ်ဆွေဖြစ်ချင်တယ်လေ]
[တိုက်ခတ်နေသောလေ .. ငါတော့ မဖြစ်ချင်ပါဘူး၊ ငါက တင်ဆက်သူရဲ့ တစ်စုံတစ်ယောက်ပဲ ဖြစ်ချင်တယ်၊ ဒါပေမယ့် အဲ့ဒီအတွက် လုံလောက်တဲ့ ပိုက်ဆံမရှိနေသေးဘူ၊ ဒီလိုဆိုမှ ငါတို့ရဲ့အခန်းမန်နေဂျာ သစ္စာရှိအာဏာရှင်ကြီး ဘယ်ရောက်နေတာလဲ]
[လွင့်မျောနေသော အိပ်မက် .. ငါ ဘယ်သိမှာလဲ လူတစ်ယောက်လျော့တာက ပြိုင်ဘက်တစ်ယောက်လျော့တာပဲ]
[သစ်ပင်ဖက်ပဲမနေနိုင်ဘူး .. ဘယ်လိုပဲဖြစ်ဖြစ် ဘာကိုလိုချင်လိုချင် ပိုက်ဆံနဲ့ ဝယ်လို့မရဘူးလေ(မျက်နှာမော်ချီထားသော အီမိုဂျီ)]
[အပြာရောင်အထက်တန်းလွှာ .. အခန်းမန်နေဂျာကိုတော့ ငါ နားလည်နိုင်တယ်လို့ ထင်တယ်၊ သူက မရိုးရှင်းဘူး]
ကြည့်ရှုနေသူများက ဟော်ယွန်ချန်းအကြောင်း တွေးတောနေကြောင်း မြင်သောအခါ ယွမ့်ထန်းက အလောတကြီးပြောသည်။
"အားလုံးပဲ ဟင်းချိုကိုကြည့်ရအောင် အဆင်သင့်ဖြစ်လောက်ပြီ"
ထို့နောက် သူက ဟင်းချိုအဖုံးကို ဖွင့်လိုက်သည်။ အထဲတွင် စွပ်ပြုတ်အဖြူက ဆူပွက်လုနီးပါးဖြစ်နေလေပြီ။ ပူနွေးသောအငွေ့များက ထောင်းထလာပြီး ပြင်းပြသည့်ရနံ့အရသာက လှိုင်တက်လာသည်။ ကြည့်ရှုနေသူများအားလုံးက တံတွေးမြိုချကြ၏။
[သစ်ပင်မဖက်ဘဲ မနေနိုင်ဘူး .. မွှေးလိုက်တာ၊ တအားမွှေးတာပဲ၊ ငါ့ရဲ့ပါးစပ်ကအရည်တွေ ထွက်ကျလာပြီ ပြန်ဝငန်]
[မြောင်မြောင်က တင်ဆက်သူ ချက်သမျှဟင်းလျာတိုင်းကိုကြိုက်တယ် .. ငါတို့ ဘယ်တော့ စရမှာလဲ၊ ငါ ဒီထက်ပိုပြီး မတောင့်ခံနိုင်တော့ဘူး]
ယွမ့်ထန်းက ဆားနှင့်ငရုတ်ကောင်း အနည်းငယ်ထည့်သည်။ ထို့နောက် အရသာကို မြည်းစမ်းကြည့်ပြီးနောက်တွင် ကျေနပ်စွာခေါင်းငြိမ့်လိုက်၏။ ကြည့်ရှုသူများက သူ၏လုပ်ဆောင်မှုကိုမြင်သောအခါ သူနည်းတူသင်ယူကြပြီး အနည်းငယ်စီမြည်းကြသည်။
[ရေလိုပဲထင်နေတာ .. ဝိုး ကောင်းလိုက်တာ အရမ်းအရသာ ရှိတာပဲ၊ ဒီစွပ်ပြုတ်ကတင် တော်တော်ကောင်းနေပြီ]
[မူကြိုကျောင်းရဲ့ သူဌေး.. အသားတွေကလည်း နူးညံ့နေတာပဲ၊ ငါ စစားဖို့ မစဉ်းထားတော့ဘူး]
ယွမ့်ထန်းက ကြည့်ရှုသူများ ဟင်းချိုခပ်သောက်နေခြင်းကို မတားပေ။ မည်သို့ပင်ဆိုစေ အားလုံးက အစစ်အမှန်စားသောက်ခြင်း မဟုတ်သည့်အတွက်  အရသာပဲခံလိုရသည်။ သူတို့၏ဗိုက်ကိုပြည့်စေလိမ့်မည်မဟုတ်ပေ။
နောက်တစ်ဆင့်အနေနှင့် သူက အနီရောင်ဟင်းချိုအတွက် အရသာ ခပ်ရမည်ဖြစ်သည်။ ယွမ့်ထန်းက ဒယ်ပြားထဲတွင် ဆီအနည်းငယ်ကိုပေးလိုက်ပြီး ငရုတ်ပွထောင့်များကို ခပ်ပါးပါးလှီးသည်။ ထို့နောက်  စီချွမ်ငရုတ်သီးနှင့် ကြက်သွန်နီများကို အစိတ်စိတ်အပိုင်းပိုင်း ခုတ်သိမ်းလိုက်၏။ ထို့နောက် အရာအားလုံးကို ကျော်ပြီးသည်နှင့် မွေးပျံ့သောရနံ့က ထောင်းတက်လာချိန်တွင် သကြား၊ ရှာလကာရည်၊ ပဲငံပြာရည်အကြည်တို့ကို တစ်ဇွန်းစီထည့်လိုက်၏။ ထို့နောက် သူက ငရုတ်သီးမှုန့်အနည်းငယ်ကိုလည်း ထည့်လိုက်သေးသည်။ ထို့နောက် တဖြည်းဖြည်းချင်း ခြောက်ကပ်သွားအောင် နေလိုက်၏။ သပ်သည်းသောအစပ်အနံ့က ထောင်းတက်လာပြီး ကြည့်ရှုသူများအားလုံး၏ အနံ့ခံအာရုံစနစ်ထဲသို့ ထိုးဝင်သွားသည်။ ယွမ်ထန်းက ထိုဟင်းအနှစ်ကို အခြားကျန်ရှိသောအိုးထဲသို့ ထည့်လိုက်သည်။ ထိုအခါ စွပ်ပြုတ်အိုးက တပွက်ပွက်ဆူလာ၏။ ရုတ်တရက် တစ်ခြမ်းက နီပြီး တစ်ခြမ်းက ဖြူဖွေးလာသည်။ နီရဲသော တစ်ဖက်တွင် သိပ်သည်းသော အဆီငွေ့များက အပေါ်သို့ထောင်တက်လာခဲ့ကာ နီညိုရောင်သန်းသွား၏။ ဒါက ဟော့ပေါ့အစပ်ဟင်းချိုဖြစ်သည်။ အခြားတစ်ဖက်တွင် ယွမ့်ထန်းက အဖြူရောင်အိုးထဲသို့ ရေအနည်းငယ်ကို ထည့်လိုက်ပြန်သည်။ ဒါက ဟော့ပေါ့ဟင်းချို အချိုအိုးဖြစ်၏။
ဟော်ယွန်ရီကိုယ်တိုင်ပြင်ဆင်ထားသော ဟော့ပေါ့အိုးများအားလုံးက အလိုအလျောက် အပူပေးစနစ်ရှိသည်။ ထို့ကြောင့် ခလုတ်ကို နှိပ်လိုက်ရုံနှင့်တင် အလိုအလျောက်အပူပေးသွားမည်ဖြစ်သည်။
"ကဲအခုဆိုရင် ဟင်းချိုက အဆင်သင့်ဖြစ်သွားပြီ၊ ဒီနီရဲနေတဲ့ဘက်ခြမ်းကတော့ အစပ်ပြင်းတဲ့အရသာရှိပြီး ဒီဘက်ခြမ်းကတော့ အစပ်မပါတဲ့ အရိုးဟင်းချိုသက်သက်ပါပဲ၊ မင်းတို့ သဘောကျတဲ့ပါဝင်ပစ္စည်းတွေကို ဒီအိုးထဲကိုနှစ်ပြီး ခဏစိမ်ထားနိုင်တယ်၊ ကြက်သွားပြီဆိုတာနဲ့ ချက်ချင်းထုတ်ပြီး တိုက်ရိုက်စားလိုက်လို့ရပြီ"
ကြည့်ရှုသူများက သုံးဘက်မြင်ဖန်သားပြင်ပုံရိပ်အဖြစ် ကောက်ယူ၍ ရနိုင်ခြင်းမရှိကြောင်း နားလည်နေသဖြင့် ယွမ့်ထန်းက ရိုးရှင်းစွာဖြင့် ပါဝင်ပစ္စည်း အနည်းငယ်စီကို စွပ်ပြုတ်အိုးထဲသို့ထည့်ကာ အရသာ မြည်းစမ်းစေသည်။
"အားလုံးပဲ မြန်မြန်မြည်းစမ်းကြည့်ကြပါ"
ကြည့်ရှုသူများအားလုံးက စိတ်မရှည်နိုင်ကြဘဲ တူများကိုပြင်ကာ အလျင်စလိုတစ်ခုပြီးတစ်ခု ယူစားကြသည်။ အစပ်အိုးက အလွန်ပူပြင်းပြီး နှုတ်ခမ်းများကို ထုံထိုင်းသွားစေ၏။ သို့သော် ဆွဲဆောင်မှုပြင်းသော အရသာက ရှိနေသည်။ အဖြူရောင်ဟင်းချိုအိုးကပင် အရသာက ပေါ့သည်။ သို့သော် လတ်ဆတ်သောခံစားချက်ကိုရ၏။ ပါဝင်ပစ္စည်းများအားလုံးကို စွပ်ပြုတ်ထဲတွင် ပွက်ပွက်ဆူအောင်တည်ပြီးနောက်တွင် အရသာက အလွန်ရှိသွားသည်။ နူးညံ့သွားသေး၏။ ကြည့်ရှုသူများအားလုံးက စားသောက်၍ အလုပ်များနေကြကာ ခေါင်းပင် မဖော်နိုင်ကြပေ။
[စိတ်ကူးယဉ်ခရမ်း .. ဘုရားရေ ဒီဟော့ပေါ့က တအားကို အရသာ ရှိနေတာမဟုတ်ဘူးလား]
[တရားမျှတမှုကိုလိုလားတယ် .. ပူတယ်၊ ပူလိုက်တာ၊ ဒါပေမယ့် အရမ်းဆွဲဆောင်မှုပြင်းနေတယ်၊ ငါ တစ်ကိုယ်လုံးချွေးပြန်နေပြီ ဝူး]
"ဒီမှာအချဉ်ရည်နဲ့တို့စားနိုင်ပါသေးတယ်၊ ကိုယ်က ငရုတ်နှစ် နည်းနည်းထည့်ထားတယ်ဆိုပေမယ့်လည်း အရမ်းစပ်တာမဟုတ်လို့ အစပ်မစားနိုင်သူတွေလည်း မြည်းစမ်းကြည့်နိုင်ပါတယ်"
ယွမ့်ထန်းက ငရုတ်ဆီ၊ ငန်ပြာရည်၊ မြေပဲအနှစ်၊ ဂျင်း၊ ခုတ်သင်ထားသော ကြက်သွန်မြိတ်တို့ကိုရောမွှေပြီး ဂျင်းအချဉ်ကောင်းကောင်းကို ပြင်ဆင်ထားသည်။ ထိုအချဉ်က မွှေးပျံ့ပြီးအစပ်ဓါတ်လည်းပါ၏။ ဒါက စားသောက်လိုက်သည့်အသားငါး၊ အရွက်များကို ပို၍အရသာ ပြင်းထန်ကာ ကောင်းမွန်သွားစေပေလိမ့်မည်။ ဟော့ပေါ့ကို ထိုကဲ့သို့အချည်ဖြင့် တို့စားခြင်းမှသာလျှင် အစစ်အမှန်ကောင်းမွန်သည့် အရသာကို ခံစားရစေမည်ဖြစ်သည်။
အမှန်အတိုင်းဆိုရသော် ယွမ့်ထန်းက ပဲထောပတ်နှင့်ဆားစိမ်ပဲအချဉ်ကို ပို၍သဘောကျသည်။ သို့သော် ပဲထောပတ်ပင်ဖြစ်စေ၊ ဆားစိမ်ပဲချဉ်ပင်ဖြစ်စေ မရှိသေးသည့်အတွက် သူကိုယ်တိုင်ကလည်း သည်တစ်ခုကိုသာ ပြင်ဆင်နိုင်တော့လေသည်။ သို့သော် သူက တွေးမှတ်ထားသေး၏။ နောက်ပိုင်း ဟော်ယွန်ရီကို သူက အကူအညီတောင်းနိုင်သည်။
[ပိုင်လျန်နင် .. အား အချဉ်ကလည်း တအားအရသာရှိတာပဲ၊ ငါ့အထင် ငါ ပန်းကန်လုံးအများကြီးတောင် ဆက်တိုက်စားနိုင်တယ်]
လူတိုင်းနီးပါးက အရသာ ခံပြီးချိန်တွင် ယွမ့်ထန်းက ရှက်ရွံ့စွာပြောလိုက်သည်။
"တကယ်တော့ ဟော့ပေါ့က ချက်ချင်းဆိုသလို ထုတ်စားရတဲ့ ထူးခြားတဲ့ ဟင်းလျာတစ်မျိုးဆိုတော့ ကို ဒီနေ့ မဲနှိုက်လို့ဖြစ်မယ်မထင်ဘူး"
ထိုစကားက ထွက်လာချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးက ညီးညူသံများဖြင့် ပွက်လောရိုက်သွားတော့သည်။ ယွမ့်ထန်းက စိတ်ရှည်စွာဖြင့် သူတို့၏ အော်ငိုသံများ အဆုံးသတ်သွားသည်အထိ စောင့်ပြီးနောက်ပြောလိုက်၏။
"ဒါပေမယ့် နောက်ကျရင် ကိုယ်ကအကယ်ဒမီသိပ္ပံနဲ့ဆွေးနွေးတိုင်ပင်ပြီး စားဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ပြင်ဆင်စားသောက်ဖို့ အားလုံးအဆင်သင့်ဖြစ်အောင် နည်းလမ်းတစ်ခုရှာဖွေဖို့ကြိုးစားပါ့မယ်၊ ဒါက ရှော့ပင်းဆိုက်မှာ ဝယ်ယူရရှိနိုင်မယ်ဆိုရင် လူတိုင်းကလည်း ကိုယ်တိုင်အိမ်မှာအပူပေးပြီး စားသောက်ဖို့ အဆင်ပြေသွားပါလိမ့်မယ်၊ ဟော့ပေါ့က လုပ်ရတာ လွယ်ပါတယ်၊ အားလုံးကလည်းအ ခုမြင်ခဲ့ကြပြီးပြီပဲ၊ ကိုယ်တိုင်အိမ်မှာ ကြိုးစားကြည့်လို့ရပါတယ်"
[နှလုံးအားနည်းတဲ့အရူး .. ငါ တစ်စုံတစ်ရာမတရားခံရသလို ခံစားနေရပေမယ့်လည်း ဒီလိုဆိုမှတော့ ခွင့်လွှတ်လိုက်ပါ့မယ်]
[ရွှေပြားတွေ ကျလာပြီ .. ဝိုး ဟီး ဟီး ကောင်းလိုက်တာ၊ တင်ဆက်သူကို အားအင်တွေ အပြည့်ပေးလိုက်ပြီ]
"ဆိုတော့ ဒီနေ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုက ဒီနေရာမှာပဲ အဆုံးသတ်သွားပါပြီ၊ အားလုံးပဲ မနက်ဖြန်မှာ တွေ့ကြရအောင်"
ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီးသည်နှင့် ဧည့်ခန်းထဲသို့ ကြည့်လိုက်သည်။ ဟော်ယွန်ချန်းနှင့်ဟော်ယွန်ရီတို့က အနံ့ကိုရကတည်းက စိတ်မရှည်စွာ စောင့်ဆိုင်းနေကြပြီဖြစ်သည်။ သူတို့အားလုံးက လည်ပင်းတဆန့်ဆန့်ဖြင့် မီးဖိုခန်းဘက်သို့ ကြည့်နေကြ၏။ ထိုအခြေအနေကိုမြင်သောအခါ ယွမ့်ထန်းက တဟား ဟား ရယ်လိုက်သည်။ ထို့နောက် ဟော့ပေါ့အိုးကို သယ်သွားလိုက်၏။
"ကောင်းပြီ ကျွန်တော်တို့ စစားလို့ရပြီ"

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now