Chapter : 124

9K 980 272
                                    

Unicode

ရှင်ထွေးကို ဖော်ထုတ်ခြင်း

_______________________

တစ်ခုသောမနက်ခင်းတွင် ဧကသူသည် ပီယံမိတ်နှင့်အတူ ကဗျာလင်္ကာတို့ကို သင်ကြားရ​၏။

သူတို့နှစ်ဦးသည် အမိုးသာရှိပြီး အကာအရံမပါသော ယာယီတဲနန်းဆောင်တွင် သင်ကြားကြခြင်းဖြစ်ကာ ပီယံမိတ်က ဒီနေ့အတွက် ကဗျာလင်္ကာရေးဖွဲ့နည်းတို့ကို သင်ကြားပေးနေသည်။

ပီယံမိတ်က မတ်တပ်ရပ်၍ ဟိုဟိုဒီဒီလမ်းလျှောက်နေသည်။ ဧကသူကမူ သလွန်ပေါ်တွင်ထိုင်ကာ ယင်းအပေါ်တွင်မှ စာရေးသောစားပွဲငယ်ကိုတင်၍ ကညစ်တံနှင့် ပေရွက်အပေါ် ရေးမှတ်နေသည်။ သူ့အနေနှင့် များစွာရေးမှတ်စရာတော့မလို။ ပီယံမိတ်က ရေးပြီးသားစာရွက်စာတမ်းများကို ပေးအပ်ထားသည်ဖြစ်ရာ ဧကသူက ထိုစာများကို လိုက်ကြည့်ပြီး ပီယံမိတ်ရှင်းလင်းပြောပြသည်ကို ဂရုတစိုက်နားထောင်ရုံ သာဖြစ်သည်။

ပီယံမိတ်က အသံကြည်သည်။ ဆရာတစ်ဦးနှယ် ရှင်းလင်းပြောကြားသောအခါတွင်လည်း အသံကပြတ်သားပြီး ဩဇာရှိသည်။ ပီယံမိတ်​၏အသံကြောင့်လားမသိ၊ စာပေတို့မှာ ပို၍စိတ်ဝင်စားဖွယ်ရာ၊ မှတ်သားဖွယ်ရာဖြစ်နေသည်။  ပီယံမိတ်​၏တည်ကြည်သောရုပ်ရည်နှင့်တွဲသော် ပီယံမိတ်မှာ မင်းသားတစ်ဦးအစား ဆရာတစ်ဦးဖြစ်ရန် မွေးဖွားလာလေသလား အောက်မေ့ရသည်။

"ရတုကဗျာရေးစပ်နည်းက လင်္ကာရေးစပ်နည်းလိုမျိုး ၄-၃-၂ နည်း၊ ၄-၃-၁ နည်း စတဲ့ရေးစပ်နည်းတွေနဲ့ပဲ ကာရန်ယူရတယ်။ ၄-၃-၂ ရေးစပ်နည်းကို ဘယ်လိုခေါ်သလဲ မှတ်မိသေးလား"

( လင်္ကာ- လေးလုံး တစ်ပါဒဖွဲ့ဆိုရသော ကဗျာတစ်မျိုး။
တစ်ပါဒ- စကားလုံးလေးလုံးပါသောအစု။)

ပီယံမိတ်မေးသော် လေ့လာကျက်မှတ်အားကောင်းသော ဧကသူက ချက်ချင်းပင်ပြန်ဖြေသည်။

"သုံးချက်ညီစပ်နည်းပါ"

ပီယံခေါင်းညိတ်သည်။

ပီယံ: " မှန်တယ်။ ရတုမှာတော့ အပိုဒ်အရေအတွက်ကိုလိုက်ပြီး ဧကပိုဒ်ရတု၊ ပိုဒ်စုံရတု၊ အဖြည့်ခံရတု ဆိုပြီးသုံးမျိုးခွဲခြားထားတယ်။ ဧကပိုဒ်ရတုကတော့ ဧကဆိုတဲ့အတိုင်း တစ်ပိုဒ်တည်းသာ ရေးစပ်ရတဲ့ရတုဖြစ်တယ်။ စပ်နည်းက လင်္ကာအတိုင်းဖြစ်သလို အဆုံးသတ်ချတဲ့အခါမှာလည်း ခိုင်ညွတ်ခက်ဖြာချနည်း ခေါ် ခုနစ်လုံးချနည်းကို အသုံးများတယ်။ မျက်စိထဲပိုမြင်သွားအောင် ဥပမာအနေနဲ့ ' အဆိုင်ဆိုင်လျှင်' အစချီဧကပိုဒ်ရတုကို ရွတ်ဆိုကြည့်ရအောင်"

The Everlasting One (volume 2 + 3 )Where stories live. Discover now