Chapter 12 - Unicode

6.3K 540 10
                                    

ဧကရာဇ်ပန်းပင်သည် လူတစ်ဖက်စာလောက်ရှိနေပြီဖြစ်ပြီး ပန်းပွင့်များကလည်း မနက်စောစောမို့ လှိုင်လှိုင်ပွင့်နေကြသည်။ ဧကရာဇ်ပန်းဖြူဖြူတွေမှရသည့် ရနံ့သင်းသင်းကလည်း ဆောင်းလေပြေနှင့်အတူ ညင်သာစွာပါလာ၏။ 

သျှင်မင်းသန့်က ဘောင်းဘီအပွလေး၀တ်ထားသော်လည်း မြင့်မြတ်ပိုင်နောင်ကမူ ပုဆိုး၀တ်ထားသည်။ အမြဲတမ်း ဘောင်းဘီနှင့်ပဲမြင်ဖူးခဲ့ရသည့်လူက အခုလို ပုဆိုးနှင့်လည်း လိုက်ဖက်တာပင်။ ကွက်စေ့ပုဆိုးစိမ်းပုတ်ရောင်နှင့် စပို့ရှပ်အဖြူရောင်ကို ၀တ်ဆင်ထားသူသည် အေးနေသော်လည်း အပေါ်၀တ်ဘာမှ၀တ်မထားပါချေ။

သျှင်မင်းသန့်ကသာ ဟူဒီအပြာလေးကိုစွပ်ထားသေးသည်။ အေးတတ်သူဖြစ်တာမို့ အိတ်ကပ်ထဲကိုလက်နှိပ်ထားရင်း မြင့်မြတ်ပိုင်နောင်ဘေးကနေ ပါလာခဲ့၏။ 

*ဒုတ်

ပန်းပင်နားကိုရောက်တော့မည့်ဆဲဆဲတွင် မြင့်မြတ်ပိုင်နောင်အား ကလေးလေးတစ်ယောက် ၀င်တိုက်လာသည်။ ငါးနှစ်ခြောက်နှစ်အရွယ် ကောင်လေးက တိုက်မိသော်လည်း နာသည်၊လန့်သည်မရှိဘဲ မြင့်မြတ်ပိုင်နောင်ကို ဖြည်းဖြည်းချင်းသာ မော့ကြည့်လာ၏။

"ကလေး အဆင်ပြေရဲ့လား"

သျှင်မင်းသန့်က ချက်ချင်းပင် ဒူးထောက်ထိုင်လိုက်ကာ ထိုကလေးကိုလှမ်းကိုင်ပြီးမေးလိုက်သည်။ ထိုကောင်လေး၏လက်ထဲတွင် ဧကရာဇ်ပန်းအဖြူများကို ခပ်ဖွဖွကလေးကိုင်ထားပြီး မကျိုးမကြေအောင်သတိပြုနေ၏။

"နာသွားသေးလား"

သူမေးလိုက်သော်လည်း ထိုကလေးဆီကစကားပြန်မရ၊ ပန်းတွေကိုပိုစိုးရိမ်နေသယောင်မျက်လုံးတွေကိုသာ တွေ့ရသည်။

"ချာတိတ်"

မြင့်မြတ်ပိုင်နောင်က မတ်တပ်ရပ်နေရာမှခေါ်လိုက်တာမို့ သျှင်မင်းသန့် မော့ကြည့်လိုက်သည်။ 

"စကားမပြောတတ်ဘူးထင်တယ်"

"ဟင်"

ထိုစကားကြောင့် သျှင်မင်းသန့် အံ့သြသွားကာ မြင့်မြတ်ပိုင်နောင်ကိုကြည့်နေရာမှ ထိုကလေးထံသို့ ပြန်အကြည့်ပို့လိုက်သည်။

HONEYWhere stories live. Discover now