သီဟတစ်ယောက် အိမ်ရှေ့ဆင်ဝင်အောက်မှာ ကားရပ်ပြီး လမ်းကို ခေါက်တုန့်ခေါက်ပြန်လျှောက်နေမိသည် ။ သခင်ကြီး လို့ ခေါ်ရင် အလုပ်ထုတ်မည် ဆိုသော ချစ်ရသူရဲ့ တစ်ချက်လွှတ်အမိန့်ကို မနာခံနိုင်သလို မဖီဆန်နိုင် ။
" အပေါ်တက်ပြီး ခေါ်လိုက်ရမလား "
" မဟုတ်သေးပါဘူး အချိန်ကျရင် ဆင်းလာမှာပေါ့ "
" ဒါပေမယ့် အဲလောက်မကြာသင့်ဘူးမလား နေ့လည်စာစားချိန်တောင်လွန်တော့မှာကို "
" ကိုသီဟ "
" ဗျာ !!!! ဟင် ဪ ရန်ရှင်း "
" ကျွန်တော် ဟိုးနားကနေ ကြည့်နေတာ ကိုသီဟတစ်ယောက် စကားတွေပြောလိုက် လမ်းလျှောက်လိုက်နဲ့ ဘာတွေဖြစ်နေတာလဲ "
" ဟို ငါ စိတ်လှုပ်ရှားနေလို့ "
" သခင်ကြီးနဲ့ တစ်နေရာရာသွားမလို့လား "
" အင်း ဟုတ်တယ် "
" ဘယ်လောက်ကြီးတဲ့ အရောင်းအဝယ်မို့လဲ ပြီးတော့ နားထားကြတာမလား "
" အင်း တော်တော်ကို ကြီးတဲ့ အရောင်းအဝယ် "
" လုပ်ငန်းပြန်စနေပြန်တာလား သခင်လေး သိရင် မလွယ်ဘူးနော် "
" မဟုတ်ပါဘူးကွာ ဒါက သပ်သပ် "
" ဟုတ်ပါပြီဗျာ ဂရုစိုက်အုံး "
ရန်ရှင်းက စကားပြောရင်း သီဟရဲ့ပုခုံးကို ဆုပ်ကိုင်ကာ အားပေးနေသေးသည် ။ သီဟနဲ့ရန်ရှင်းဆိုတာ သခင်ကြီးဆီမှာ ဆယ်ကျော်သက်ကတည်းက နေလာခဲ့ကြတာ ညီအကိုအရင်းတွေလိုပင် ။
" အဟမ်း !!!! "
ရုတ်တရက် ချောင်းဟန့်သံကြောင့် နှစ်ယောက်လုံး မတ် သွားပြီး အေးခဲသွားရသည် ။ လှည့်ကြည့်လိုက်တော့ တံခါးဝမှာ ရပ်နေတဲ့ ချစ်ရသူ ။ တစ်နည်းအားဖြင့် သခင်ကြီးပေါ့ ။ ဆင်စွယ်ရောင်စတစ်ကော်လံအင်္ကျီကို ချည်ပုဆိုးအနက်ကွက်လေးနဲ့တွဲဝတ်ထားပြီး ရှိရင်းစွဲအသက်ထက် အများကြီး ပိုနုနယ်နေတဲ့သူက ငေးမောပစ်ချင်စရာ ။
" သခင်ကြီး !!! "
နှစ်ယောက်သားခေါင်းငုံ့ကာ နှုတ်ဆက်ပေမယ့် သီဟဆီက အသံကတော့ တိုးဖျော့စွာ ။