76.1

13.5K 2K 41
                                    

Unicode

လော့မိသားစု အိမ်တော်တွင်—

ရှီယွင်နန်မှာ တကိုယ်လုံးကို ဆိုဖာပေါ်တွင် နစ်ဝင်ကာ လဲလျောင်းနေ၏။ သူ့လက်ထဲမှာ ဒီဇိုင်းပုံတွေ ကိုင်ထားပေမယ့်လည်း သူ့စိတ်ကတော့ ဒီ ဒီဇိုင်းပုံတွေဆီမှာ လုံးဝမရှိနေပေ။

"ကလစ်" ဆိုတဲ့ အသံကြားပြီးနောက် အော်တိုလျှပ်စစ်တံခါးပွင့်သွားပြီး၊ အလုပ်ပြီးသွားတဲ့ လော့လင်းရှန်းက ဝှီးချဲလ်ဖြင့် အခန်းထဲဝင်လာသည်။

သူက ရှီယွင်နန်နားသို့ တိုးလာပြီး လွန်ခဲ့တဲ့ နာရီဝက်ကအတိုင်း ဖြစ်နေသေးသည့် ရှီယွင်နန် ဒီဇိုင်းပုံတွေအား ကြည့်ကာ မေးလိုက်သည်။ "စိတ်ကူး မပေါ်ဘူးလား? ပင်ပန်းနေလား?"

ရှီယွင်နန်က ဒီဇိုင်းပုံကြမ်းစာအုပ်ကို ကော်ဖီစားပွဲပေါ်တင်လိုက်ပြီး သူ့နားတိုးကာ ပြန်မေးလိုက်သည်။ "ဒီတခေါက် နိုင်ငံခြားသွားရင်ကျွန်တော့်ကို တကယ် မခေါ်သွားတော့ဘူးလား?"

လော့လင်းရှန်းကလည်း အပြုံးလေးနဲ့ ပြန်မေးလိုက်သည်။

"မင်းလိုက်ချင်လို့လား?"

"အွန်း"

ရှီယွင်နန်မှာ ချွဲတဲ့ ပုံစံလေးထုတ်ပြဖို့ကို ရှက်ရွံ့တာကြောင့် သူက မကျေမနပ် အသံလေးဖြင့်သာ ပြောလိုက်သည်။

"လုပ်ပါ လိုက်ခွင့်ပေးပါဆို"

လော့လင်းရှန်းက ဝှီးချဲလ်ကနေ ဆိုဖာပေါ် ပြောင်းထိုင်ဖို့ လှုပ်ရှားလိုက်၏။

ရှီယွင်နန်မှာ သူ့လှုပ်ရှားနေတာလေးကို စိုက်ကြည့်ရင်း လော့လင်းရှန်း ခြေထောက်တွေက အရင်ကထက်စာရင် ပိုပေါ့ပါးသွားသလို သူခံစားလိုက်ရလေသည်။ သူက ဘေးနားလေးသို့တိုးလိုက်ပြီး သူချစ်သူထိုင်သည်နှင့် ထိုသူအား လူသားခေါင်းအုံးအဖြစ် အသုံးပြုရန် မှီထားလိုက်သည်။

ရှီယွင်နန်က လော့လင်းရှန်း ခြေထောက်ကိုငုံ့ကြည့်ကာ မဝံ့မရဲလေးပြောလာ၏။

"ခင်ဗျား ခြေထောက်တွေ..."

"အင်း"

လော့လင်းရှန်းက ရှီယွင်နန်ကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားရင်း သူမေးချင်တာကို သဘောပေါက်ကာ ဆက်ပြောလိုက်သည်။ "နည်းနည်းတော့ ခံနိုင်ရည်ရှိသွားပြီ၊ ဒါမယ့် ဘယ်လောက်အထိ ပြန်ကောင်းလာမလဲဆိုတာတော့ ကိုယ်လည်းမသိဘူး။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now