❄️❄️❄️
စာအုပ်ကိုအာရုံစူးစိုက်နေတဲ့ ကိုကို့မျက်လုံးတွေက ညဉ့်နက်သန်းခေါင်မှာ လင်းသထက်လင်းလာတတ်တဲ့ ကြယ်တွေလိုတောက်ပလို့။ စာဖတ်တဲ့အခါ မျက်မှန်ကို နှာတံပေါ်နည်းနည်းလျှောချထားတတ်တာကလည်း ဘေးကကြည့်ရင် ပြီးပြည့်စုံမှုတစ်ခုပဲ။
အကြည့်တွေကို ကိုကို့မျက်နှာဆီကနေ သိမ်းယူလိုက်ပြီးနောက် ကိုကိုကိုင်ထားတဲ့ စာအုပ်ရဲ့မျက်နှာပြင်ပေါ် လမ်းလျှောက်ခိုင်းလိုက်မိတယ်။
ကိုကိုက စာဖတ်တဲ့အခါ စာအုပ်တိုပြတ်ပြတ်လေးတွေဆို လက်တစ်ဖက်တည်းနဲ့ဖြန့်ကိုင်ဖတ်တတ်ပြီး ထူထူရှည်ရှည်စာအုပ်တွေကိုတော့ လက်နှစ်ဖက်နဲ့ကိုင်ပြီး ဖတ်တတ်တယ်။ ဒါမှမဟုတ်ရင် စားပွဲပေါ်တင်ပြီး ဖတ်တတ်တယ်။ စာဖတ်အရမ်းမြန်တာမို့ စာရွက်တစ်ရွက်လှန်ပြီးတာနဲ့ နောက်တစ်ရွက်လှန်ဖို့ လက်ညိုးကလေးထိုးထားပြီးသား ဖြစ်နေတတ်တယ်။ အခုပဲ နောက်တစ်ရွက်ကိုလှန်လိုက်ရင်း စာအုပ်အစွန်းကို လက်ချောင်းထိပ်ကလေးရောက်သွားပြီ။
ငြိမ်ငြိမ်ဆိတ်ဆိတ်ပဲ ကိုကို့လက်ချောင်းဖွေးဖွေးတွေနဲ့ လတ်ကော့နေတဲ့စာမျက်နှာဖြူဖြူတွေ တွေ့ထိလှုပ်ရှားနေတာ၊ စာတစ်ရွက်လှန်လိုက်တိုင်း မင်အမည်းနဲ့ရေးထားတဲ့ အင်္ဂလိပ်စာလုံးတွေ အစုသဏ္ဌာန်ပြောင်းလဲသွားတာကို ထိုင်ကြည့်နေမိရာက...။
"..."
ဆုံချက်မှာထပ်တိုးလာတဲ့ အရောင်တစ်ခုကြောင့် ကျွန်တော့်မျက်ဝန်းအိမ်တွေ ကျယ်သွားရတယ်။ စာအုပ်ရဲ့ ညာဘက်စာမျက်နှာ အထက်မကျအောက်မကျ နေရာလောက်မှာ စွန်းထင်သွားတဲ့ အနီရောင်တစ်ချို့။ ကြည့်နေရင်းမှာပဲ အနီဆေးနောက်တစ်စက် ထပ်ပြီးကျလာပြန်တယ်။
"ကိုကို..."
ချက်ချင်းကိုကို့မျက်နှာကို မော့ကြည့်လိုက်မိတော့...
နှာဝကနေစီးကျနေတဲ့ အနီရောင်သွေးတွေ။
"ကိုကို နှာခေါင်းသွေးယိုနေတယ် "
"..."
ကျွန်တော် စက္ကန့်ပိုင်းလောက် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားတုန်းမှာပဲ ကိုကိုကလက်ထဲကစာအုပ်ကို စားပွဲပေါ်ချပြီး ဘာမှမထူးဆန်းသလိုပုံစံနဲ့ လက်ဖမိုးလေးနဲ့ နှာဝကိုပိတ်ထားပြီး ဘေစင်ဆီထသွားတယ်။
ESTÁS LEYENDO
Heartless December ❄️
Romanceနှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင်းရာသီမြင်ကွင်းတွေကြားထဲ 4k resolution နဲ့ ချောင်းကြည့်နိုင်ပါလိ...
