၅၂

2.3K 396 2
                                    

အပိုင်း ၅၂

အကယ်ဒမီသိပ္ပံမှ လုပ်ဆောင်နိုင်စွမ်းက မြင့်မားကာ အချိန်တိုအတွင်းတွင်ပင် ယွမ့်ထန်းလိုအပ်သော ပါဝင်ပစ္စည်းများအားလုံးကို ထုတ်လုပ်လိုက်နိုင်သည်။ ထိုအချက်က ယွမ့်ထန်းကို ပျော်ရွှင်စေသည်။ နောက်ဆုံးတွင် သူ ဟင်းလျာသစ်များကို ချက်ပြုတ်နိုင်တော့မည်ဖြစ်သည်။

သူက ဓါးသွေးပြီး ညနေခင်းတိုက်ရိုက်ထုတ်လွှင့်မှုအတွက် ပြင်ဆင်တော့မည့်အချိန်တွင် ရုတ်တရက် စားဖိုမှူးအစည်းအရုံးမှ ဥက္ကဌကုက ဖုန်းခေါ်လာသည်။

“ဟယ်လို ဥက္ကဌကု”

ယွမ့်ထန်းကပြုံးကာ ဖုန်းကိုဖြေဆိုသည်။ ဥက္ကဌကု၏ ဖြူဖွေးနေသောခေါင်းနှင့် မုတ်ဆိတ်မွှေးတို့က ဖန်သားပြင်တွင် ထင်ရှားစွာပေါ်လာသည်။

“ဟယ်လိုရှောင်ထန်း အခုတလော အလုပ်များနေလား”

“ကျွန်တော့်က အားပါတယ်၊ ထူးထူးခြားခြား လုပ်စရာလည်း မရှိပါဘူး၊ ကျွန်တော့်ရဲ့အကူအညီများ လိုလို့လား”

သူက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

“သေချာပေါက် လိုနေတာပေါ့၊ ငါတို့ရဲ့ကြယ်ပြာအင်ပါယာကို လူထွားမျိုးနွယ်က ခေါင်းဆောင်ပိုင်းတွေ လာရောက်လည်ပတ်ဖို့ရှိတယ်၊ အဓိကကတော့ ကုန်သွယ်ရေးပါပဲ၊ လူထွားမျိုးနွယ်ဆိုတာက ငါတို့စစ်ပွဲအတွင်းမှာ အများကြီးကူညီပေးခဲ့တယ်၊ ဒီတော့ အင်ပါယာက ဒီကိစ္စကို အရမ်းအလေးထားတယ်၊ ငါတို့ရဲ့စားဖိုမှူးအစည်းအရုံးက ပုံမှန်အားဖြင့် သူတို့ ဒီနေရာမှာ နေနေတဲ့အတောအတွင်းမှာ သူတို့ရဲ့စားသောက်မှု အားလုံးကို တာဝန်ယူပေးရတယ်”

ဥက္ကဌကုက စကားကို ရပ်တန့်ပြီးနောက် ဆက်ပြောသည်။

“လူထွားမျိုးနွယ်က လူတွေက ငါတို့အင်ပါယာက သဘာဝဟင်းလျာတွေကို အရမ်းသဘောကျကြတယ်၊ သူတို့က ဘယ်လိုကနေ ဘယ်လို မင်းရဲ့အကြောင်းကို ကြားသွားသလဲမသိပါဘူး၊ သူတို့က မင်းရဲ့လက်ရာကို မြည်းစမ်းချင်နေကြတယ်၊ ဒါကြောင့်ပဲ ဒီအဖိုးကြီးက မင်းကို အကူအညီတောင်းရတော့တာပေါ့”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now