စကားဝိုင်း

2.3K 376 5
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း၀၁၃ ။ စကားဝိုင်း

နောက်တစ်နေ့နံနက်၌ ထောင်မုသည် ဖုန်းကော၏ တံခါးတဒုန်းဒုန်းထုသံနှင့် အနှိုးခံလိုက်ရလေသည်။

"တစ်ညလုံး နှပ်ထားပြီးပြီဆိုတော့ ငါတို့ ဘာဆက်လုပ်ကြမှာလဲ?" နီရဲနေသော မျက်ဝန်းများနှင့်ဖုန်းကောက ပြင်းထန်လှသော စိတ်လှုပ်ရှားမှုဖြင့် ထောင်မုကို ကြည့်လိုက်သည်။ ထိုပုံစံက တစ်ညလုံး မအိပ်ရသေးသည့် ယောက်ျားတစ်ယောက်ပုံပင်။

"နောက်ထပ်က.. ဘာမှမလုပ်နဲ့" ခက်ခက်ခဲခဲ အိပ်ပျော်သွားခဲ့ရသည့် ထောင်မုမှာ ဤကဲ့သို့ အနှိုးခံလိုက်ရသည့်အတွက် တင်းမာနေသည့်မျက်နှာနှင့် ပြောလိုက်သည်။ "အိုးထဲမှာသာ စိမ်ထားလိုက်ပါ။ နေ့လည်ရောက်ရင် ကျွန်တော် ကြက်ခြေထောက်ကင်လိုက်မယ် ၊ ပြီးတော့ ကျွန်တော် ဇီရာစေ့လိုမယ်။ နှမ်းဖြူနဲ့ ငရုတ်မှုန့်ရောပဲ၊ အစ်ကို့ဆိုင်ထဲ အဲ့ဒါတွေရှိလား?"

ဖုန်းကောက ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်သည် "ငါတို့မှာ အမွှေးအကြိုင်အကုန်ရှိတယ်။ တစ်ခုပဲ.. အကင်မီးဖို မရှိတာ၊ ငါဘေးက အသားကင်ဆိုင်ကနေ ခဏနေ တစ်အိုးသွားငှားလိုက်မယ်။ သူတို့ဆိုင်က ညနေ ၄နာရီမတိုင်ခင်ထိ ဖွင့်မှာမဟုတ်သေးဘူး"

ထောင်မုက အသေးအမွှားကိစ္စလေးတွေအား အခြားသူကို အားထားလိုက်သည်။

နေ့လည်နားကပ်လာသည့်အခါ ကောင်းကောင်းအိပ်စက်ပြီးသည့် ထောင်မု၊ တမောက်နှင့် ရှောင်ဖန်းတို့သည် အောက်ထပ်ကို ဆင်းလာကြသည်။ ဆိုင်ငယ်လေးက ဆူညံနေပြီး စားပွဲအလွတ်မရှိသလောက်ဖြစ်နေသည်။

ထောင်မုက အနောက်ဘက်မီးဖိုချောင်ထဲ တည့်တည့်သွားလိုက်ပြီး ကြက်ခြေထောက်ကို နှပ်ထားသည့် သံအိုးကြီးကိုဖွင့်လိုက်လေသည်။ ထို့နောက်တွင် ထိုနှပ်ထားသော ကြက်ခြေထောက်များ တစ်ဝက်ကျော်ကျော်လောက် လျော့နေသည်ကို တွေ့လိုက်ရသည်။

ထောင်မုက ဖုန်းကောကို ကြည့်ဖို့ လှည့်လိုက်သည်။ ဖုန်းကောက မလုံမလဲဖြင့် သူ့မျက်နှာသူ ကုတ်ခြစ်လိုက်ပြီး တုံးတုံးအအရှိစွာ ပြုံးပြလာသည် "အဟား ၊ အဲ့ဒါကမွှေးလွန်းနေတော့လေ ၊ ငါလည်း ငါ့ကိုယ်ငါမထိန်းချုပ်နိုင်ဘဲ ...အဲ့ဒါနဲ့ နည်းနည်းကိုက်မိသွားတာ"

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now